မြဝတီမြို့ရှိ ကရင်လက်နက်ကိုင်အဖွဲ့ အရာရှိအချို့ ထိုင်းဘတ်ငွေအတု ထုတ်လုပ်သုံးစွဲနေမှုအပေါ် BGF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေ
ကရင်ပြည်၊ မြဝတီမြို့ရှိ KNU/KNLA/PC (ငြိမ်းချမ်းရေးကောင်စီ) ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့က အရာရှိတချို့က ထိုင်းဘတ်ငွေအတု ပြုလုပ်သုံးစွဲနေလို့ဆိုကာ တပ်နယ် (၄)၊ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မုတ်သိုလ်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ အဲဒီအကြောင်းအရာကို သိရှိသူ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးရှိ “SSS သုံးလုံး” စားသောက်ဆိုင်မှာ ထိုင်းဘတ်ငွေအတု ၅,၀၀၀ သုံးစွဲခဲ့တဲ့ KNLA-PC အဖွဲ့ဝင် ဗိုလ်ကြီး စောအာကာကို စစ်အုပ်စုတပ်က ဖမ်းဆီးစစ်ဆေးရာကနေ၊ နောက်ဆက်တွဲ ထိုင်းဘတ်ငွေအတု ပြုလုပ်ပြီး သုံးစွဲနေသူဆိုသူ KNLA-PC အရာရှိ ဗိုလ်ကြီး မင်းထက်ပိုင် (ခေါ်) PC ပိုင်ပိုင် ကို BGF တပ်ဖွဲ့က ဆက်လက်ဖမ်းဆီးစစ်မေးနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“PC အာကာကို ၁၁ ရက်နေ့က မိတယ်။ သူ့ကို စစ်ဆေးတော့ နောက်ဆက်တွဲတွေ ဖော်တာမှာ PC ပိုင်ပိုင်အဖွဲ့ကိုပါ ထပ်ဖမ်းရတယ်။ ၁၅ ရက်နေ့ ညက ၄ ရပ်ကွက်ဘက်မှာ PC ပိုင်ပိုင်အိမ်ကို BGF က ဝင်ဖမ်းတာမှာ ဘတ်တစ်ထောင်တန်အတုတွေ၊ စက်တွေ၊ လက်နက်တွေ၊ ကျည်တွေမိတယ်။ အခု ဗိုလ်မုတ်သိုလ် BGF တပ်ထဲမှာ စစ်ဆေးနေတယ်” လို့ မြဝတီမြို့ခံ သတင်းအရင်းအမြစ်က ပြောပါတယ်။
လက်ရှိမှာ KNLA/PC တပ်ဖွဲ့ဝင်တွေ ထိုင်းဘတ်ငွေအတု သုံးစွဲလို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး KNLA/PC တပ်ဖွဲ့ဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို၊ PC ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းပေမဲ့လည်း တယ်လီဖုန်း အဆက်အသွယ် မရရှိသေးပါဘူး။
အခုလို ထိုင်းဘတ်ငွေအတု ပြုလုပ်တာတွေဟာ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်း KK Park နေရာကို စစ်အုပ်စုနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြိုဖျက်ပြောင်းရွှေ့ကြစဉ်က ငွေလိမ်ရာမှာ အသုံးပြုတဲ့ ငွေတုထုတ်စက်တွေ မြဝတီမြို့ အဟောင်းတန်းဈေးကွက်ဘက်သို့ ရောက်ရှိလာရာကနေ၊ မြဝတီမြို့ဘက်မှာ ထိုင်းဘတ်ငွေအတုတွေ တွေ့လာရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီမြို့မှာ ထိုင်းဘတ်ငွေအတု ဖြန့်ဝေသုံးစွဲနေတဲ့ တခြားကရင်အပစ်ရပ် လက်နက်ကိုင် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတချို့လည်း ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ စစ်အုပ်စုနဲ့ BGF တပ်ဖွဲ့ဘက်က ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးသွားမယ်လို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – CJ
