ပဟိကလော်စစ်ရှောင်စခန်းတွင် စစ်ရှောင်တွေအတွက် ဂျက်ခုတ်နှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်

Author CJ Platform
Categories
Published on Jun 22, 2026

ကရင်ပြည်၊ KNU တပ်မဟာ (၆) ထိန်းချုပ်ရာ မြဝတီမြို့တောင်ဘက် ပဟိကလော်ကျေးရွာအတွင်း နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် NGO အဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးကူညီမှုနဲ့ စက်ချုပ်သင်တန်းနဲ့ ကရင်ရိုးရာ ဂျက်ခုတ်သင်တန်းတွေကို ဖွင့်လှစ်ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

 

သင်တန်းနှစ်ခုလုံးဟာ သင်တန်းတစ်ခုကို ၃ လတာ ကာလအထိ ဖွင့်လှစ်ပေးတာဖြစ်ပြီး၊ လက်ရှိ ဇွန်လမှာတော့ ဒုတိယမြောက်လထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

ဂျက်ခုတ်သင်တန်း တက်ရောက်နေတဲ့ သင်တန်းသူတစ်ဦးက “သင်တန်းတစ်ခုမှာ သင်တန်းသူ ၆ ယောက်ရှိတယ်။ အသက် ၂၅ နှစ်အောက် ဖြစ်ရမယ်လို့ ကန့်သတ်ထားတယ်။ ဒီလို စစ်ရှောင်နေရင်း အချိန်အလကား ကုန်ဆုံးနေရမယ့်အတူတူ အခုလို သင်တန်းတက်လိုက်တာပါ” လို့ သူက ဆိုပါတယ်။

 

စစ်ဘေးရှောင်ပြည်သူတွေ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ရရှိစေဖို့ ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ပေးတာ ဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“စစ်ရှောင်နေရတဲ့ အချိန်မှာ အလုပ်အကိုင်လည်း မရှိကြဘူးလေ။ အဲဒီတော့ သူတို့လည်း ပညာတစ်ခုရဖို့ ရည်ရွယ်ပြီး ဖွင့်ပေးတာပါ။ သင်ပေးတဲ့ ဆရာမကတော့ ဒီစခန်းထဲက တတ်ကျွမ်းတဲ့သူတွေပါပဲ” လို့ သူက ရှင်းပြပါတယ်။

 

လက်ရှိမှာ အဲဒီစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၂၄၄ ဦး ရှိနေပြီး၊ အိမ်ထောင်စု စုစုပေါင်း ၇၁ စု ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့ 

ပုံစာ – စစ်ရှောင်စခန်းအတွင်း ဂျက်ခုတ်သင်တန်း တက်ရောက်နေသည့် မြင်ကွင်း။

 

 

Related News

Depend on news