NUG တပ်တွေက PLA စခန်းတွေကို ဝင်ရောက်စီးနင်းပြီး ရဲဘော်မိသားစုဝင်တွေကို သေနတ်နဲ့ ခြိမ်းခြောက်ဖမ်းဆီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ ဝင်ရောက်စီးနင်းခဲ့ပြီး၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဌာနချုပ်က ဖြစ်စဉ်ကို သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကစတင်ကာ NUG မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အား ၅၀၀ ခန့်နဲ့ PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခြင်းနဲ့ ထောက်ပံ့ရေးရဲဘော် ၂ ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာလည်း မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာက PLA စခန်းတွေကို ခန့်မှန်းအင်အား ၈၀ ခန့်နဲ့ Faw ကား၊ Probox ကားတွေ အသုံးပြုကာ ဝင်ရောက်စီးနင်းခဲ့ပြီး၊ PLA ကို ကူညီနေတဲ့ ပြည်သူ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေခြင်း၊ အရပ်သားတွေကို ဖမ်းဆီးစစ်မေးခြင်းတွေအပြင် PLA ရဲဘော်တစ်ဦးရဲ့ အစ်မဖြစ်သူကို သေနတ်နဲ့ ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း PLA ဘက်က ထုတ်ပြန်ထားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက “ကျွန်တော်တို့ကို ရွေးချယ်စရာမရှိအောင် မလုပ်ပါနဲ့။ NUG အနေနဲ့ တပ်တွေကို သက်ဆိုင်ရာနေရာတွေကို ပြန်ဆုတ်ပေးဖို့ လိုအပ်ပါတယ်။ ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာတွေ ဆက်လုပ်ရင် ထိပ်တိုက်တွေ့ပြီး ပိုရှုပ်ထွေးကုန်ပါ့မယ်။ ကျွန်တော်တို့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ရွာတွေထဲ ဝင်ဖမ်းဆီးနေပါတယ်။ ရဲဘော်တစ်ယောက်ရဲ့ အစ်မကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်မယ် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” လို့လည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
PLA ရဲ့ ထုတ်ပြန်ချက်အရ မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံက PLA တောင်သာမြို့နယ်တပ်ဖွဲ့မှာ ဖမ်းဆီးထားတဲ့ ဒလန်တွေအားလုံးကို သိမ်းဆည်းရမိပစ္စည်းတွေနဲ့အတူ လွှဲပြောင်းပေးဖို့နဲ့ မြင်းခြံခရိုင်အတွင်းက PLA တပ်တွေအားလုံး ထွက်ခွာပေးဖို့ အချက် ၂ ချက်နဲ့ ဖိအားပေးတောင်းဆိုလာတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
PLA ဘက်ကတော့ တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ၂ ကြိမ်တိုင်တိုင် စနစ်တကျ လွှဲပြောင်းပေးခဲ့ဖူးကြောင်း၊ ဒါပေမဲ့ နောက်ထပ်လွှဲပြောင်းပေးဖို့ ပြင်ဆင်ချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ ခြိမ်းခြောက်ပြောဆိုခြင်းနဲ့ တပ်အင်အားသုံး ဖိအားပေးမှုတွေကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
စစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာခိုင်းခြင်းနဲ့ စခန်းတွေကို အင်အားသုံးစီးနင်းခြင်းဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းဖို့သာ လိုလားပြီး PLA ဘက်က ဘယ်တော့မှ စတင်ပစ်ခတ် (ကျည်ဖောက်) မှာမဟုတ်ကြောင်း PLA နိုင်ငံရေးဌာနကြီး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PLA
