ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရ
ချင်းပြည်၊ ဖလမ်းမြို့မှာ ဒေသခံတွေ ပြန်လည်ဝင်ရောက်လာပြီးနောက် နေအိမ်နဲ့ ပတ်ဝန်းကျင် ပြုပြင်မွမ်းမံမှု လုပ်ငန်းတွေအတွက် လိုအပ်နေတဲ့ လုပ်သားအင်အား ရှားပါးနေမှုကြောင့် လုပ်ငန်းစဉ်တွေ ကြန့်ကြာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကစတင်ကာ ဖလမ်းမြို့တွင်းကို ဒေသခံတွေ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာကြတာကြောင့် ပျက်စီးနေတဲ့ နေအိမ်တွေနဲ့ ခြံဝန်းတွေကို ပြန်လည်သန့်ရှင်းပြုပြင်ဖို့ လိုအပ်ချက်တွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဒေသခံအများစုဟာ မိမိတို့ရဲ့ နေအိမ်နဲ့ ခြံဝန်းအသီးသီးမှာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေနဲ့သာ အလုပ်ရှုပ်နေကြတဲ့အတွက် အခြေခံနေ့စားလုပ်သား ငှားရမ်းဖို့ လူအင်အား လုံလောက်မှု မရှိဖြစ်နေကြပါတယ်။
“ဒေသခံတွေ အကုန်လုံးက ကိုယ့်အိမ်၊ ကိုယ့်ခြံ ပြန်ပြင်နေရတာနဲ့တင် အလုပ်ရှုပ်နေကြတာ။ အပြင်ကနေ နေ့စားသမား ငှားလို့မရတဲ့အတွက် လုပ်ငန်းတွေက ထင်သလောက် ခရီးမတွင်ဘူး” လို့ ဖလမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖလမ်းမြို့ပေါ်မှာ လက်ရှိပေါက်ဈေးအရ လုပ်အားခတွေကို အရင်ကထက် မြင့်မားစွာ ပေးချေနေရတာ ဖြစ်ပါတယ်။ လက်သမားတစ်ဦးအတွက် တစ်ရက်ကို ကျပ် ၃၀,၀၀၀ ကနေ ၃၅,၀၀၀ အထိ ပေးချေရပြီး၊ သာမန်နေ့စားလုပ်သားတစ်ဦးအတွက် ကျပ် ၂၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။ လုပ်အားခ နှုန်းထားတွေ မြင့်တက်နေပေမဲ့လည်း လိုအပ်တဲ့ လုပ်သားအရေအတွက်ကို ရှာဖွေဖို့ကတော့ အလွန်ခက်ခဲနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လုပ်သားရှားပါးမှုပြဿနာကြောင့် ပြည်သူတွေရဲ့ နေအိမ်သန့်ရှင်းရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာသာမက မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးတွေ ပြန်လည်လည်ပတ်ရေးအတွက် လိုအပ်တဲ့ လုပ်သားအင်အား ဖြည့်ဆည်းဖို့လည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
“အခုဆိုရင် လက်သမားတစ်ယောက်ကို တစ်ရက် ၃ သောင်းခွဲအထိ ပေးရတယ်။ ဈေးနှုန်းက အရင်ထက် အဆမတန် မြင့်တက်လာတာတောင် အလုပ်သမားရှာရတာ လွယ်တာမဟုတ်ဘူး။ အိမ်မှာ ပြုပြင်စရာလေးတွေရှိလို့ ငှားမလို့လိုက်ရှာတာ ရက်အတော်ကြာတဲ့အထိ မရသေးဘူး။ လုပ်အားခပေးနိုင်ပေမဲ့ လုပ်သားအင်အားက တကယ်ရှားပါးနေတာပါ” လို့ နောက်ထပ် ဖလမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက ချင်းညီနောင်စစ်ဆင်ရေးနဲ့ သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံတွေ မြို့ကို စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်နှစ်ခန့်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ စစ်အုပ်စုတပ်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ မေလ ၆ ရက်နေ့မှာ ဒေသခံတွေ မြို့တွင်းကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
