အာဏာသိမ်းပြီးနောက် စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၉၀၀ ကျော်ထိ ကျူးလွန်ထား
မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းထားတဲ့ ကာလတစ်လျှောက်မှာ စစ်အုပ်စုရဲ့ ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးချနေပြီး၊ အဓမ္မပြုကျင့်မှုဖြစ်စဉ် ၉၀၀ ကျော်၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကို မှတ်တမ်းပြုစုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖွင့်ချပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နဲ့ ဇွန်လ ၁၉ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ “အမျိုးသမီးများဖြင့် ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးခြင်း – အမျိုးသမီးများ၏ ပါဝင်မှုအား မြှင့်တင်ပေးခြင်းဖြင့် ပဋိပက္ခများမှ ရုန်းထခြင်း” တံခါးဖွင့်အစည်းအဝေးမှာ သံအမတ်ကြီးက ခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတစ်လတည်းမှာတင် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အမျိုးသမီး ၆၃ ဦး အသက်သေဆုံးခဲ့ရပြီး၊ မိန်းကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ၆၆ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေတွေကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။
စစ်အုပ်စုဟာ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အမျိုးသမီးငယ်တွေ အချိုးမညီမျှစွာ ဒုက္ခရောက်နေရကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ လူကဖန်တီးတဲ့ ပဋိပက္ခအတွင်း ၅ နှစ်ကျော်ကြာ ပိတ်မိနေပြီး လက်ရှိ ဘက်ပေါင်းစုံအကျပ်အတည်းရဲ့ အဓိကတရားခံမှာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေသာ ဖြစ်ကြောင်း၊ စစ်အုပ်စုရဲ့ ဟန်ပြပြောင်းလဲမှုတွေနဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင်မှုရစေဖို့ နည်းလမ်းဟောင်းနဲ့ လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း လုံခြုံရေးကောင်စီသို့ တင်ပြခဲ့ပါတယ်။
တစ်ဖက်မှာလည်း မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကြောက်ရွံ့မှုကင်းကင်းနဲ့ ခုခံတော်လှန်ရေးမှာ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်နေပြီး၊ CDM လှုပ်ရှားမှုကို မောင်းနှင်ခြင်း၊ ဗုံးဒဏ်တွေကြားကနေ ကျန်းမာရေးနဲ့ ဒေသအုပ်ချုပ်ရေးကွန်ရက်တွေကို စီမံပေးခြင်း၊ စစ်ဘက်နဲ့ နိုင်ငံရေးအရ ဦးဆောင်ခြင်းတွေ ပြုလုပ်နေကြတာကြောင့် သူတို့ဟာ ပဋိပက္ခအတွင်း နစ်နာသူတွေမျှသာ မဟုတ်ဘဲ အနာဂတ်ငြိမ်းချမ်းရေး တည်ဆောက်သူတွေဖြစ်ကြောင်းကို ပြသနေတယ်လို့ သံအမတ်ကြီးက ဆိုထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ လုံခြုံရေးကောင်စီအနေနဲ့ အချိန်ဖြုန်းမနေဘဲ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရန်အတွက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလဒ်များကို ပြင်းထန်စွာကန့်ကွက်ရန်နဲ့ သံတမန်ရေးအရ ဆက်သွယ်မှုများ မပြုလုပ်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတို့နဲ့ တရားဝင် ထိတွေ့ဆက်ဆံရန်၊ မြေပြင်ရှိ အမျိုးသမီးတွေဦးဆောင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေထံသို့ တိုက်ရိုက်ဘဏ္ဍာရေးနဲ့ နည်းပညာပံ့ပိုးမှုများ ပေးအပ်ရန်၊ စစ်ရာဇဝတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူနိုင်မည့် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများကို ပံ့ပိုးပေးရန် စတဲ့ အချက် ၄ ချက်ကိုလည်း သံအမတ်ကြီးက တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအပေါ်မှာ မူတည်နေပြီး လုံခြုံရေးကောင်စီအနေနဲ့ ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ စစ်အုပ်စုက အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ပေးရန် မျှော်လင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
