ကော့ကရိတ်၊ တံတားကျိုးဂိတ်ရှိ စစ်အုပ်စုက ဒေသခံတွေကို ခြိမ်းခြောက်ငွေညှစ်တောင်းယူနေ
ကရင်ပြည်၊ ဖားအံ-ကော့ကရိတ် လမ်းပိုင်းရှိ တံတားကျိုးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စု ဌာနဆိုင်ရာအဖွဲ့စုံ စစ်ဆေးရေးဂိတ်ကနေ ဒေသခံတွေကို အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက်ငွေညှစ်တောင်းယူနေတယ်လို့ ကော့ကရိတ်ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလမ်းပိုင်းကနေ ဖြတ်သန်းသွားလာတဲ့ ကော့ကရိတ်နယ်ခံတွေကိုပါ ဇွန်လအတွင်း မှတ်ပုံတင်စစ်ဆေးပြီး၊ အကြောင်းအမျိုးမျိုးပြကာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို ငွေတစ်သောင်းကနေ ငါးသောင်းအထိ ပေးဆောင်ခိုင်းပြီးမှသာ သွားလာခွင့်ပြုတော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်အုပ်စုဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုထားရာမှာ တံတားကျိုးစစ်ဆေးရေးဂိတ်က ကုန်ကားနဲ့ ခရီးသည်တင်ကားတွေကိုသာ စစ်ဆေးငွေတောင်းခဲ့ရာကနေ၊ အခုလပိုင်းတွေမှာတော့ စစ်အုပ်စုက ကော့ကရိတ်ဒေသတွင်းနဲ့ ကျေးရွာတွေဘက် သွားလာကြတဲ့ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကိုပါ ခြိမ်းခြောက်ငွေတောင်းလာတာ ဖြစ်တယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းပြန်ဖွင့်တုန်းက မြဝတီအတက်အဆင်းကားတွေပဲ စစ်တယ်။ ငွေတောင်းတာမျိုးရှိတယ်။ အခု ကော့ကရိတ်၊ ကျုံဒိုး နယ်ခံရွာခံကားတွေကိုပါ မှတ်ပုံတင် စမတ်ကတ် စစ်တယ်။ မပြနိုင်ရင် ငွေတောင်းပြီးမှ သွားခွင့်ပေးတယ်။ ဆန်ပါ၊ ဆီပါလာလို့၊ ဝပ်သောက် (လိုင်စင်မဲ့) ကား၊ ဆိုင်ကယ်မို့လို့၊ ထိုင်းပစ္စည်းတွေ ဝယ်လာလို့ဆိုပြီး အမျိုးမျိုး ပြဿနာရှာတယ်။ အနည်းဆုံး ငါးထောင်၊ တစ်သောင်းကနေ ငါးသောင်းလောက်အထိ တောင်းနေတော့ လမ်းသွားဖို့ မရဲတော့ဘူး” လို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်အုပ်စုတပ်နဲ့ KNLA မဟာမိတ်တပ်တွေ မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့စဉ်၊ စစ်အုပ်စုဘက်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးထားရပါတယ်။ အဲဒီအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ သစ်၊ ဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ ဝယ်ယူသယ်ဆောင်ရာမှာလည်း အဲဒီတံတားကျိုးဂိတ်က ဂိတ်ဖြတ်ခ ကျပ်သိန်းချီ တောင်းယူပြီးမှသာ သယ်ယူခွင့်ပေးခဲ့တယ်လို့ ငွေပေးပြီး ဂိတ်ဖြတ်သယ်ခဲ့ရတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်အုပ်စုခန့် ရပ်ကွက်အုပ်ကြီးတွေ ကိုယ့်နေရာကိုယ် ပြန်လာနေခိုင်းတော့ အိမ်ပြန်ပြင်ဆောက်ဖို့ မော်လမြိုင်ကနေ အိမ်ဆောက်ပစ္စည်းဝယ်ပြီး သယ်လာတာ၊ ဂိတ်က ပေးမဖြတ်ဘူး။ မီးလောင်ခံရလို့ အိမ်ပြန်ဆောက်ဖို့ ကော့ကရိတ် ရပ်ကွက်သားပါလို့ ပြောလည်းမရဘူး။ ထောက်ခံချက်စာမပါလို့ ကားတစ်စီးစာ သယ်လာတာကို ရဲနဲ့ စစ်တပ်နဲ့ ကာစတန် (အကောက်ခွန်) နဲ့က သုံးသိန်းတောင်းတာ။ တစ်သိန်းခွဲနဲ့ တောင်းပန်ပြီး ပေးမှ အိမ်ဆောက်ပစ္စည်း သွပ်၊ သံနဲ့ ဘိလပ်မြေတွေ ကော့ကရိတ်ကို သယ်လို့ရတယ်” လို့ သူက ပြောပါတယ်။
အခုလို ကော့ကရိတ်ဒေသခံတွေကို စစ်အုပ်စုက ငွေညှစ်တောင်းယူနေတာဟာ တံတားကျိုးဂိတ်တင်မကဘဲ နဘူးလမ်းခွဲ၊ ရင်ခွဲတောင်၊ နွားခြံကုန်း၊ မြပတိုင်နဲ့ ကျုံဒိုးချောင်းဖျားရွာဘက်တွေက စစ်အုပ်စုဂိတ်တွေမှာလည်း ရွာသားတွေ စီးလာတဲ့ ဆိုင်ကယ်နဲ့ ကားတွေဟာ လိုင်စင်မဲ့ (ဝပ်သောက်) တွေဖြစ်တာကြောင့် ဖမ်းဆီးသိမ်းဆည်းမခံရရေးအတွက် ငွေပေးပြီး သွားလာရတာမျိုးတွေ ရှိနေလို့ သွားလာရေး အလွန်ခက်ခဲနေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – စစ်အုပ်စုရဲ့ တံတားကျိုး စစ်ဆေးရေးဂိတ်ကို မြင်ရပုံ
