နိုင်ပွဲဆက်မှုနဲ့အတူ အုပ်စုကို ဆက်လက်ဦးဆောင်နေတဲ့ အိမ်ရှင် အမေရိကန်အသင်း
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ အမေရိကန်အသင်းဟာ အုပ်စု (D) ရဲ့ ဒုတိယပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဩစတြေးလျနဲ့ ပွဲစဉ်မှာလည်း ၂ ဂိုး – ဂိုးမရှိ (၂-၀) ဆိုတဲ့ ရလဒ်နဲ့ ထပ်မံအနိုင်ယူပြသွားခဲ့ပြီး၊ ၎င်းတို့ဟာ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။
နှစ်ပွဲကန် ရဂိုး ၆ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ရှိသေးတဲ့ အမေရိကန်အသင်းဟာ ပွဲကစားချိန်အတွင်းမှာလည်း ဩစတြေးလျအသင်းကို ခြေစွမ်းအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး၊ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ကာ မျှော်မှန်းဂိုး Expected goals(xG)ဟာလည်း (၁.၀၈) အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၁ မိနစ်မှာ ပြိုင်ဘက်ကစားသမား ကာမရွန် ဘားဂတ်စ် (Cameron Burgess) ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှု (Own goal) ကတစ်ဆင့် ရရှိခဲ့ပြီး၊ ပြိုင်ပွဲကို အပြီးသတ်စေမယ့် ဒုတိယဦးဆောင်ဂိုးကို ပွဲကစားချိန် ၄၃ မိနစ်မှာ နောက်ခံလူ အဲလက်စ် ဖရီးမန်း (Alex Freeman) ရဲ့ ခေါင်းတိုက်ဂိုးကနေ ရရှိခဲ့ကာ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့ရှုံးပွဲကြောင့် အာရှဇုန်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဩစတြေးလျအသင်းအနေနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ တူရကီအသင်းနဲ့ ပါရာဂွေးအသင်းတို့ရဲ့ ပွဲစဉ်တွေကို အမှားခံလို့မရတော့ဘဲ ဆက်လက်ကစားသွားရတော့မှာ ဖြစ်ပါတယ်။
