Next အမှတ်တံဆိပ်အထည်ကို ချုပ်နေတဲ့ စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ လုပ်သားတွေ တောင်းဆိုနေ

Author CJ Platform
Categories
Published on Jun 19, 2026

နာမည်ကျော် ကုန်အမှတ်တံဆိပ် Next အဝတ်အထည်ကို ချုပ်နေတဲ့ Chi Sheng စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Chi Sheng အထည်ချုပ်စက်ရုံ အလုပ်သမားအချို့က လုပ်ခတိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဇွန် ၁၇ ရက်နေ့ကစပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

 

အဲဒီစက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က အခုလို တောင်းဆိုခဲ့မှု ရှိခဲ့ပြီး၊ နှစ်ဖက်သဘောတူညီချက်ရကာ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ထဲမှာ တစ်နှစ်အတွင်း နောက်ထပ်တောင်းဆိုတာမလုပ်ဖို့ ဆိုတဲ့အချက် ပါဝင်ခဲ့တာကြောင့် တစ်နှစ်ပြည့်တော့မှ နောက်ထပ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတာလို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

 

“တစ်နှစ်ပြည့်တဲ့အချိန်မှာ ကုန်ဈေးနှုန်းက သုံးဆတက်နေပြီ။ ကျွန်တော်တို့လည်း ဘယ်လိုမှ ရှင်သန်ရပ်တည်ဖို့ မလွယ်ကူတော့လို့ တောင်းဆိုရတာ” လို့ သူက ပြောပါတယ်။

 

လက်ရှိမှာ စက်ရုံအလုပ်သမား ၇၆ ဦးက တစ်ရက်လုပ်ခ (ဒေးကြေး) ၁၂,၅၀၀ ကျပ်၊ အချိန်ပို (OT) ကြေး တစ်နာရီ ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ် ပေးဖို့နဲ့ ကျွမ်းကျင်ကြေး (Grade ကြေး) ကို ခွဲခြားတာမရှိဘဲ တန်းတူပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုနေကြတာလို့ ဆိုပါတယ်။

 

အဲဒီစက်ရုံမှာ လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်ရင် ညှိနှိုင်းရမယ့် လုပ်ငန်းခော်မတီ (WCC) ဖွဲ့စည်းထားတာမရှိတဲ့အပြင်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုထားတာလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

 

လက်ရှိ လုပ်ငန်းခွင်အတွင်း တောင်းဆိုမှု ရှိနေတာနဲ့ ပတ်သက်ပြီး ဇွန် ၁၈ ရက်နေ့ ညနေပိုင်းက အလုပ်သမားရုံး ၄ ခုက တာဝန်ရှိသူတွေ စက်ရုံဆီ ရောက်ရှိလာပြီး၊ အလုပ်ရှင်၊ အလုပ်သမားအကြား ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်ရှင်ဘက်က လိုက်လျောတာမရှိတဲ့အတွက် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ဘဲ တင်းမာမှုတွေ ဆက်ပြီး ရှိနေခဲ့တယ်လို့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ STUM က အသိပေး ထုတ်ပြန်ထားပါတယ်။

 

Chi Sheng စက်ရုံကနေ အော်ဒါယူ ချုပ်လုပ်နေတဲ့ Next အမှတ်တံဆိပ် အဝတ်အထည်ဟာ ယူကေနိုင်ငံတွေမှာ ရောင်းတမ်းဝင်နေတဲ့ ကုန်အမှတ်တံဆိပ် အမျိုးအစားတစ်ခု ဖြစ်တယ်လို့ ဈေးကွက်မှတ်တမ်းတွေအရ သိရပါတယ်။

 

Photo – STUM

 

Related News

Depend on news