ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အဓမ္မစစ်မှုထမ်းစနစ်ရပ်တန့်ဖို့  CRPH နဲ့ NUG ပူးတွဲတောင်းဆို

Author CJ Platform
Categories
Published on Jun 19, 2026

ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရပြီး အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ 

 

အဲဒီ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အဓမ္မစစ်သားစုဆောင်းနေမှုတွေကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ စစ်အုပ်စုကို ဖိအားပေးတောင်းဆိုထားပါတယ်။

 

တစ်ချိန်တည်းမှာပင် မြေပြင်မှာလည်း ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက ဒေသအသီးသီးက ပြည်သူလူထုကလည်း CRPH နဲ့ NUG တို့ရဲ့ တောင်းဆိုချက်တွေနဲ့ ထပ်တူကျတဲ့ “နှင်းဆီလှုပ်ရှားမှု ပန်းသပိတ်” တွေ ဆင်နွှဲကာ စစ်အာဏာရှင်စနစ်ကို အပြင်းအထန် တုံ့ပြန်ဆန္ဒပြခဲ့ကြပါတယ်။

 

CRPH နဲ့ NUG တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ ၅ နှစ်၊ ၄ လနဲ့ ၁၈ ရက် ရှိပြီဖြစ်ကြောင်း တွက်ချက်ဖော်ပြထားပါတယ်။

 

လက်ရှိမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုပင် မသိရဘဲ၊ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံခွင့်မပေးဘဲ အစောင့်အရှောက်မဲ့ ထားရှိတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးအောင်မြင်စွာ အဆုံးသတ်နိုင်ဖို့အတွက် – (က) ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ (ခ) ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့်ရေးနဲ့ (ဂ) မျိုးဆက်သစ်လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းနေတဲ့ ကိစ္ဝရပ်တွေကို အမြန်ဆုံး ရပ်တန့်ရေး ဆိုတဲ့ အချက် ၃ ချက်ကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပြီး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်ကိုလည်း ထုတ်ပြန်ချက်မှာ ကတိသစ္စာပြုထားပါတယ်။

 

အဲဒီလို နိုင်ငံရေးဦးဆောင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့အညီ မြေပြင်မှာလည်း ပြည်တွင်း၊ ပြည်ပက ပြည်သူလူထုက အင်တိုက်အားတိုက် တုံ့ပြန်လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဒေသခံပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေဟာ “နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်၊ သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည်သာ ပြည်သူ့ခေါင်းဆောင်ဖြစ်သည်” ဆိုတဲ့ တောင်းဆိုချက်တွေနဲ့အတူ ခရမ်းပြာကြာပန်းတွေ အသုံးပြုကာ “မေစု” အမည် ပုံဖော်ပြီး ဘုရားမှာ ကပ်လှူဆုတောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

 

အလားတူပင် မုံရွာလူထုသပိတ်ကော်မတီ၊ အရာတော်မြို့နယ် လူထုသပိတ်ကော်မတီနဲ့ ဆားလင်းကြီးမြို့နယ် လူထုသပိတ်ကွန်ရက်တို့ ပူးပေါင်းပြီး အရာတော်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ နှင်းဆီပန်းနီနီတွေ မျှဝေကာ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို၊ တောင်ယာလုပ်ငန်းခွင်အတွင်းက အညာသူကြီးတွေအထိ နှင်းဆီပန်းကိုယ်စီ ဆင်ယင်ပါဝင်ခဲ့ကြတယ်လို့ သက်ဆိုင်ရာ သပိတ်ကော်မတီတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဒါ့အပြင် အခုလို မြေပြင်အဝန်းအဝိုင်းအပြင် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေတွေကလည်း နှင်းဆီပန်းတွေကိုင်ဆောင်ကာ အလားတူတောင်းဆိုတဲ့ သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

 

ကချင်ပြည်၊ ဖားကန့်မြို့မှာလည်း ပြည်သူလူထုက ဇွန်လရဲ့ မိုးရေစက်တွေကြား ဆန္ဒပြခဲ့ကြသလို၊ မန္တလေးဒေသကနေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း စစ်ဘေးဒုက္ခတွေကြားကနေ နှင်းဆီလှုပ်ရှားမှုကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖော်ဆောင်ခဲ့ကြပြီး၊ မွေးနေ့ဆုတောင်းမှုနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံသပိတ်ကော်မတီတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ