စစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့မှာ သွားလာခွင့် ကန့်သတ်ချက်ကြောင့် ဒေသခံတွေ အခက်တွေ့

Author CJ Platform
Categories
Published on Jun 19, 2026

ချင်းပြည်၊ တွန်းဇံမြို့ကို စစ်အုပ်စုနဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့က ပြန်လည်ထိန်းချုပ်ထားပြီးနောက်၊ သွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ဒေသခံတွေဟာ အထွေထွေ ကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

တွန်းဇံမြို့ကို စစ်ကောင်စီနဲ့ ZRA တို့က လုံခြုံရေး အကြောင်းပြချက်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်ကတည်းက စတင်ပြီး မြို့အဝင်၊ အထွက်ကို မနက် ၆ နာရီမှ ညနေ ၇ နာရီအထိ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

 

“လုံခြုံရေး အခြေအနေကြောင့်လို့ ဆိုပြီး မြို့တွင်း ဝင်ရောက်ချိန်နဲ့ ထွက်ခွာချိန်ကို ကန့်သတ်ထားတာပါ။ တွန်းဇံမြို့အဝင်မှာ ZRA ဂိတ်ရှိတယ်။ သတ်မှတ်အချိန်အတွင်း မဟုတ်ရင် တစ်ယောက်မှ ဝင်ခွင့်မပြုဘူး” လို့ တွန်းဇံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလို ကန့်သတ်မှုတွေကြောင့် ဒေသခံတွေဟာ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ အထွေထွေ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

“အရေးပေါ် ကျန်းမာရေး အခြေအနေမျိုးမှာ အတော်လေး ဒုက္ခရောက်ရတယ်။ သေရေးရှင်ရေး မဟုတ်ရင်တောင် ဆေးရုံသွားရမယ့် အခါမျိုးလည်း ရှိတယ်။ အခုလို ကန့်သတ်လိုက်တော့ အခက်တွေ့တာပေါ့။ နောက်ပြီး နာရေး သာရေး စတဲ့ အရေးပေါ် လူမှုရေးကိစ္စတွေမှာလည်း အတော်လေး အဆင်မပြေဘူး” လို့ နောက်ထပ် တွန်းဇံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တွန်းဇံမြို့ကို စစ်ဘေးရှောင်တွေ နေရပ်ပြန်လာကြဖို့ စစ်အုပ်စုနဲ့ ZRA တို့က ဖိတ်ခေါ်နေကြပေမယ့်လည်း၊ အခုလို ကန့်သတ်မှုတွေ ရှိနေသေးတာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်လာဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

“ပြန်လာချင်ပေမယ့် ကန့်သတ်ချက်တွေ ရှိနေသေးတော့ မပြန်ရဲသေးဘူး ဖြစ်နေတယ်။ နောက်ထပ် ဘာကန့်သတ်ချက်တွေ လာဦးမလဲဆိုတာ မသိရသေးဘူး” လို့ ကလေးမြို့ကို ရောက်ရှိနေတဲ့ တွန်းဇံစစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုဟာ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်၊ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်လည်ပတ်ဖို့ ZRA နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေကြပါတယ်။

 

တစ်ဖက်မှာလည်း စစ်အုပ်စုဟာ လူထုထောက်ခံမှုရရှိဖို့ နေရပ်ပြန်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆန်နဲ့ စားနပ်ရိက္ခာတွေအပြင်၊ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ဆက်တိုက် ဆောင်ရွက်နေကြပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့က အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို စစ်အုပ်စု တပ်သားတစ်ဦးက သေနတ်ပြပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက် 

CJ 006