စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချ

Author CJ Platform
Categories
Published on Jun 18, 2026

စစ်အုပ်စုက ဖမ်းဆီးထားတဲ့ စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူကို ဒီကနေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် စီရင်ချက်အမိန့် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

“ခွေးထိန်း ငတာ”၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်”၊ “ဦးသန်းရွှေ၏ ယတြာများ” စတဲ့ စာအုပ်တွေကို ရေးသားခဲ့တဲ့ ဆရာ ဦးတင်ညွန့်နဲ့ အဲဒီစာအုပ်တွေကို ထုတ်ဝေခဲ့တဲ့ သားဖြစ်သူတို့ကို ပုဒ်မ ၅၀၅ (က) နဲ့ အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီနေ့ပဲ ဆရာတို့ သားအဖကို ပုဒ်မ ၅၀၅ (က) နဲ့ အမိန့်ချလိုက်တာ။ အယူခံ ဝင်၊ မဝင်တော့ မသိဘူး။ တချို့ ပုဒ်မ ၅၀၅ (က) တွေဆိုရင် အယူခံဝင်တာ ရှိတယ်” လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်းက လူမှုကွန်ရက်ပေါ်မှာ ဆရာကြီး ဦးတင်ညွန့်ရဲ့ “ခွေးထိန်း ငတာ”၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်”၊ “ဦးသန်းရွှေ၏ ယတြာများ” စတဲ့ စာအုပ် ၃ အုပ်ကို အမျိုးသမီးတစ်ဦးက ရောင်းချခဲ့ရာကနေ၊ ဧပြီလ ၂၄ ရက်နေ့မှာ သန်လျင်မြို့နယ် နေအိမ်တွင် ဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

 

ဒီစာအုပ် ၃ အုပ်ဟာ NLD အစိုးရလက်ထက်က ထုတ်ဝေခဲ့တဲ့ စာအုပ်တွေဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးမှ အခုလို ဖမ်းဆီးအရေးယူမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

“စစ်တပ်က လွတ်လပ်ခွင့်အပေါ် ကန့်သတ်တာလို့ မြင်တယ်။ ဒါတွေမရေးနဲ့၊ ဒါတွေရေးရင် ဒီလိုဖြစ်မယ်ဆိုတာ ခြောက်လှန့်တဲ့ ပုံစံမျိုးနဲ့ ဖမ်းပြီး ထောင်ချတာ” လို့ စာနယ်ဇင်းသမားတစ်ဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

 

စာရေးဆရာ ဦးတင်ညွန့်ဟာ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုတို၊ ဝတ္ထုရှည် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားထုတ်ဝေထားသူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံ နိုင်ငံရေးစာပေဆု၊ ၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်မှာတော့ “ကျောင်းဆရာမှတ်တမ်း” စာအုပ်နဲ့ အမျိုးသားစာပေဆုတို့ကို ရရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်