တစ်ဦးချင်း ဆုတံဆိပ်တွေကို ဂရုမစိုက်တဲ့ ဖလားမလိုတော့တဲ့ မက်ဆီ
ချွင်းချက်မရှိ ကမ္ဘာ့အကောင်းဆုံးကစားသမား၊ ဆုဖလားတိုင်းကို ရယူထားနိုင်သူ၊ ဘလွန်းဒီအော (Ballon d’Or) ၈ ဆုပိုင်ရှင် ဖြစ်သလို တစ်ဦးချင်း ဆုတံဆိပ်တွေကို ဂရုမစိုက်ဘူးဆိုတဲ့ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားရဲ့ ကြယ်သုံးလုံးပါ ဂျာစီကို ဝတ်ဆင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို စတင်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဗိုလ်လုပွဲတွေမှာ အကြိမ်ကြိမ် အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ပေမယ့်၊ လက်တစ်ကမ်းအလို ရောက်တိုင်း ရှုံးနိမ့်မှုတွေနဲ့အတူ နိုင်ငံအသင်းအတွက် ဆုဖလားအောင်မြင်မှု မရယူပေးနိုင်သူဆိုတဲ့ အပေါ်ယံဆန်လှတဲ့ ဝေဖန်ထိုးနှက်မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား မရခင်အထိ ရှိခဲ့ပါတယ်။ လီယွန်နယ် မက်ဆီတစ်ယောက် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ အကောင်းဆုံးကစားသမားဆိုတဲ့ G.O.A.T (Greatest Of All Time) ဂုဏ်ပုဒ်ကို ရဖို့အတွက် နိုင်ငံအသင်းနဲ့ မေဂျာဆုဖလားတွေ ရယူပြဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံးကစားသမားအတွက် နိုင်ငံအသင်းနဲ့ အကောင်းဆုံးဆုဖလားတွေဟာ မပေါင်းစပ်ဘဲ မနေနိုင်ခဲ့ပါဘူး။ မက်ဆီအတွက်ဆိုရင် ချွေးတွေ၊ သွေးတွေ ကုန်ခမ်းသွားတဲ့အထိ ပေးဆပ်မယ်ဆိုတဲ့ အသင်းဖော်တွေရဲ့ စုပေါင်းအား၊ မက်ဆီရဲ့ ဦးဆောင်မှုတွေနဲ့အတူ မေဂျာဖလားတွေဟာ ၎င်းရဲ့ အကောင်းဆုံးဖြစ်မှုကို သက်သေပြပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကိုပါအမေရိကဖလား၊ ၂၀၂၂ ခုနှစ်မှာ ဘောလုံးလောကရဲ့ အမြင့်မားဆုံးနဲ့ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖလားဖြစ်တဲ့ ကမ္ဘာ့ဖလား၊ ၂၀၂၄ ခုနှစ်မှာ ကိုပါအမေရိကဖလားကို ဒုတိယအကြိမ်အဖြစ် ရယူပြခဲ့ပြီးနောက် ချွင်းချက်မရှိ အငြင်းပွားဖွယ်ရာမရှိတဲ့ G.O.A.T ပလ္လင်ဟာ လီယွန်နယ် မက်ဆီအတွက် ဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ အင်တာဗျူးတွေတိုင်းမှာ သူ့ဘဝမှာ ဘယ်တုန်းကမှ တစ်ဦးချင်း ဆုတံဆိပ်တွေ၊ တစ်ဦးချင်း အောင်မြင်မှုမှတ်တမ်းတွေအတွက် ဘောလုံးမကစားဘဲ အသင်းလိုက် အောင်မြင်မှုအတွက်ပဲ ကစားကြောင်း ဖြေကြားလေ့ရှိပါတယ်။ အသင်းလိုက် အောင်မြင်မှုတွေကို တောင်းတတဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက်အတွက် မရဖူးတဲ့ဖလား မရှိတော့ဘူးဆိုတဲ့ စိတ်သက်သာရာရမှုဟာ မက်ဆီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကစားဖို့အတွက် တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာအရ ပေါ့ပါးစေမှာပဲ ဖြစ်ပါတယ်။
မက်ဆီတစ်ယောက် သူအရမ်းလိုချင်နေတဲ့၊ လိုအပ်ခဲ့တဲ့ ကမ္ဘာ့ဖလားကို ရယူပြီးဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းက ဖိအားဆိုတဲ့အရာတွေဟာ ၎င်းအတွက်တော့ ပန်းခြံထဲမှာ ဘောလုံးကစားနေရသလို ပေါ့ပေါ့ပါးပါး ရှိနေတော့မှာ ဖြစ်ပါတယ်။
