ကမ္ဘာ့ဖလား မီဒီယာထုတ်လွှင့်ခွင့်အတွက် Mytel ကို ပေးအပ်တဲ့ FIFA ရဲ့ ဆုံးဖြတ်ချက်အပေါ် JFM ပြင်းထန်စွာ ရှုတ်ချ
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်း မီဒီယာထုတ်လွှင့်ခွင့်ကို စစ်အုပ်စုအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့ Mytel ဆက်သွယ်ရေးအော်ပရေတာထံ ပေးအပ်ဖို့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar (JFM) အဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး၊ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
JFM က FIFA အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်းတွေကို ထပ်မံပြသလိုက်ခြင်းဖြစ်ပြီး၊ ယခုလုပ်ရပ်ဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ သွေးစွန်းညစ်ထေးနေတဲ့ စစ်အုပ်စုကို ဖြူစင်သယောင် အပေါ်ယံပုံဖော်ပေးလိုက်ခြင်းဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
Justice For Myanmar ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြန်မာစစ်တပ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေဟာ Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ပဉ္စမနှစ်မှ နဝမနှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်ပြီး၊ အဲဒီနောက်ပိုင်း ငါးနှစ်အတွင်းမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရတာကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အလွန်ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ် ဖြစ်နေပါတယ်။
ဒါ့အပြင် Mytel ဟာ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးခြင်းနဲ့ သူတို့ရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာစစ်တပ်က ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကူညီအားပေးရာ ရောက်နေတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်နေခြင်းကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားပြီး၊ မိခင်ကုမ္ပဏီ MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါအပြင် သြစတြေးလျနိုင်ငံတို့က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
FIFA ဟာ စစ်တပ်ခရိုနီဖြစ်သူ Max Myanmar ဥက္ကဋ္ဌ ဦးဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အခုလို Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် စစ်တပ်ကို ငွေကြေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး Max Myanmar မှ တာဝန်ရှိသူတွေကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်ပြီး၊ ဥပဒေမူဘောင်တွေအတိုင်း တရားစွဲဆိုမှုတွေ ပြုလုပ်သင့်ကြောင်း သုံးသပ်ခဲ့ဖူးပါတယ်။
ဒါကြောင့် FIFA အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ ခရိုနီတွေနဲ့ ပူးပေါင်းဆက်ဆံနေတာတွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး၊ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ JFM အဖွဲ့က တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – JFM
