မန္တလေး-ပြင်ဦးလွင်လမ်းတွင် သဲကျောက်တင်တွဲကား ချောက်ထဲထိုးကျကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 11, 2026

မန္တလေး-ပြင်ဦးလွင်လမ်းမှာ ဇွန်လ ၁၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က သဲကျောက်တွေ တင်ဆောင်လာတဲ့ တွဲကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျသွားခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့  မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

မနေ့ညက မန္တလေး-ပြင်ဦးလွင်လမ်း၊ မိုင်တိုင်အမှတ် (၁၆/၂) အနီးမှာ သဲကျောက်တွေ တင်ဆောင်မောင်းနှင်လာတဲ့ တွဲကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲကို ထိုးကျခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ချောက်ထဲကျတဲ့အချိန်မှာ ယာဉ်မောင်းက ကားနဲ့အတူ ပါသွားပြီး သေဆုံးသွားတာ။ ယာဉ်မောင်းဘေးမှာ ထိုင်ပြီးလိုက်လာတဲ့သူကတော့ ချောက်နှုတ်ခမ်းဘေးမှာ ကျန်ရစ်ခဲ့လို့ မသေဘဲ အသက်ရှင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတို့ကို စေတနာမွန် လူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်မှာ ယာဉ်တိမ်းမှောက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ပြီးခဲ့တဲ့ မေလ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း မိုင်တိုင်အမှတ် (၁၆/၄) အနီးမှာ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

 

အလားတူပင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်ကလည်း မန္တလေး-ပြင်ဦးလွင် အတက်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – စေတနာမွန်လူမှုကူညီရေးအသင်း