စစ်မှုထမ်းဖို့ ဖမ်းဆီးမှုကြောင့် ပလက်ဝက ခူမီးချင်းလူမျိုး ၄၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရ

Author CJ Platform
Categories
Published on Jun 11, 2026

ချင်းပြည် ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) က စစ်မှုထမ်းရန် တစ်အိမ်တက်ဆင်း လိုက်လံခေါ်ယူနေတာကြောင့်  ဒေသခံ ခူမီး (ချင်း) လူမျိုးစု ၄၇ ဦးခန့်ဟာ ဘေးလွတ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ယာယီ ကာကွယ်စောင့်ရှောက်ပေးထားတယ်လို့ ဒေသခံတွေနဲ့ နယ်စပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ခူမီးချင်းလူမျိုးများတွေဟာ ပလက်ဝမြို့နယ် ရှင်မဒိန်ကျေးရွာနဲ့ အကူဝကျေးရွာတို့က ဒေသခံ ပြည်သူတွေဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက AA တပ်ဖွဲ့ဝင်တွေ ကျေးရွာတွေအတွင်း ဝင်ရောက်ကာ တစ်အိမ်လျှင် တစ်ဦးနှုန်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟုဆိုကာ လိုက်လံဖမ်းဆီးခဲ့တာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

“အခုရက်ပိုင်း ULA/AA က ပလက်ဝမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့ လူတွေကို အတင်းအဓမ္မ လိုက်ဖမ်းနေတယ်။ ရွာတွေထဲအထိ ဝင်ဖမ်းတာဆိုတော့ ဘယ်သူမှ မနေရဲတော့ဘူး။ ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးကြတာပါ၊ တိုက်ပွဲဖြစ်လို့ ပြေးရတာ မဟုတ်ဘူး။ ကိုယ့်အမျိုးသားတွေ၊ သားသမီးတွေကို စစ်ထဲအပါမခံနိုင်လို့ အခုလို တောလမ်းအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်အထိ အသက်လု ပြေးရတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

 

လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရှိသွားတဲ့ ခူမီးချင်းစစ်ဘေးရှောင် ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)  တာဝန်ရှိသူတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ကာ လုံခြုံရေးအရ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

 

နယ်စပ်အခြေစိုက် ချင်းလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း လူနည်းစု ခူမီးချင်းလူမျိုးများ ရင်ဆိုင်နေရသည့် လုံခြုံရေးအကျပ်အတည်းနှင့် ပတ်သက်ပြီး ယခုလို သုံးသပ်ပြောဆိုထားပါတယ်။

 

“ပလက်ဝမှာက အရင်ကတည်းက စစ်ဘေးဒဏ်ကို အလူးအလဲ ခံထားရတာ။ အခု ကာကွယ်ရေးတပ်တွေကပါ ဒေသခံ လူနည်းစု ချင်းမျိုးနွယ်စုတွေကို တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်ဆိုပြီး အဓမ္မစနစ် သုံးလာတော့ ပြည်သူတွေမှာ ဘယ်မှမခိုလှုံရဲတော့ဘဲ တစ်ဖက်နိုင်ငံဘက်အထိ စွန့်စားပြေးရတဲ့အဆင့် ဖြစ်လာတယ်။ ဒါဟာ လူသားချင်းစာနာမှုအရရော၊ လူနည်းစု အခွင့်အရေးအရပါ အရမ်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ” လို့ သူက ထောက်ပြပါတယ်။

 

ပလက်ဝမြို့နယ်ဟာ ပြီးခဲ့သည့် စစ်ရေးပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ အခြေခံရိက္ခာနှင့် ဆေးဝါးများ အခက်အခဲကြုံတွေ့နေရသည့် ဒေသဖြစ်ပါတယ်။

 

ဒေသခံတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်မှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA ကတော့ သီးခြား ထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

ဓာတ်ပုံ – ပေးပို့

CJ 014