ရခိုင်ပြည်အတွင်း လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်ထွက်ခွာနေ
ရခိုင်ပြည် မြောက်ပိုင်းဒေသတွေမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရတာကြောင့် ရိုဟင်ဂျာ အများအပြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာတိမ်းရှောင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ဘူးသီးတောင်မြို့နယ်ရှိ မြစ်နစာ၊ ဒါပြုချောင်း၊ ဘဂုံးနားတောင်၊ ကကျက်ဘ၊ ကကျက်ကံပြင်၊ ကွန်တိုင်းနဲ့ ထန်ကျောက်ကံ စတဲ့ ကျေးရွာတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာတွေက ရွာသူရွာသားတွေဟာ လက်ရှိအချိန်ထိ စာသင်ကျောင်းတွေ၊ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေမှာ ယာယီနေထိုင်လျက်ရှိပြီး နေရာကျဉ်းမြောင်းမှုနဲ့ မိုးရာသီကာလ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း MRA၊ PDi-Kintha နဲ့ CFSI အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးအပ်ခဲ့သော်လည်း ၂၀၂၆ ခုနှစ်မှာတော့ အကူအညီတွေ လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရပြီး ဆေးရုံတွေမှာ ဆေးဝါးမလုံလောက်မှု၊ ကလေးတွေရဲ့ ပညာသင်ကြားရေး အခက်အခဲတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် ဒေသခံအချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေဆဲဖြစ်ကြောင်း ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောပါတယ်။
ရသေ့တောင်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သူတို့မှာရှိတဲ့ ငွေကြေးတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြုရင်း ကုန်ဆုံးသွားခဲ့ပြီး လက်ရှိမှာ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းတွေ နည်းပါးနေကြောင်း သိရပါတယ်။ ဒါ့အပြင် သွားလာခွင့် ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသူတွေ ရှိနေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။
“ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ကို သွားရတဲ့အကြောင်းရင်းက စားဝတ်နေရေး၊ နေအိမ်၊ သွားလာခွင့်၊ သောက်သုံးရေ၊ ကလေးတွေရဲ့ ပညာရေးနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ဖြစ်ပါတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း Arakan Rohingya Salvation Army (ARSA) က မောင်တောဒေသရှိ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက “clearance operations” ဟု ခေါ်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထိုကာလအတွင်း ရိုဟင်ဂျာကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူသတ်မှု၊ ဖမ်းဆီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပါတယ်။
အဲဒီ ဖြစ်စဉ်တွေကြောင့် ရိုဟင်ဂျာလူဦးရေ တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ မောင်တောမြို့နယ်အတွင်းရှိ ဒု-ညောင်ပင်ကျေးရွာအုပ်စုနဲ့ ကျောက်လှေကာကျေးရွာအုပ်စုတွေမှာ ဆက်လက်နေထိုင်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အလားတူ ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာများစွာလည်း ၂၀၁၇ ခုနှစ်အတွင်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံအများအပြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ သို့သော် အချို့မှာ ဘူးသီးတောင်မြို့နယ်ရှိ ဒု-အိုးသည်မ၊ ညောင်ချောင်းနဲ့ သိမ်တောင်ပြင်ကျေးရွာအုပ်စုတွေမှာ ဆက်လက်နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သော အတည်ပြုချက်များ ရယူနိုင်ရန် CJ Platform အနေဖြင့် ဆက်လက်ကြိုးပမ်းလျက် ရှိပါတယ်။
CJ 011
