စစ်ကိုင်းငလျင်အတွေ့အကြုံဖြင့် ဖိလစ်ပိုင်ကို ဒေသတွင်း သဘာဝဘေးတုံ့ပြန်ရေး ပူးပေါင်းကူညီရန် အသင့်ရှိဟု NUCC ဆို
ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဘေးအတွက် ပြီးခဲ့တဲ့ စစ်ကိုင်းငလျင် ကယ်ဆယ်ရေးအတွေ့အကြုံတွေကို အခြေခံပြီး လိုအပ်တဲ့ အရပ်ဘက် ပူးပေါင်းကူညီမှုတွေ ပြုလုပ်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ အထူးသဝဏ်လွှာ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုဒေသအနီးမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဒေသခံပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ လူမှုအသိုက်အဝန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီ ဖြစ်စဉ်အပေါ် NUCC က ဖိလစ်ပိုင်အစိုးရနဲ့ ပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းနဲ့ အတူတကွ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ဖော်ပြခဲ့ပြီး၊ ဘေးဒဏ်သင့်ပြည်သူတွေ အမြန်ဆုံး ပြန်လည်နာလန်ထူနိုင်ဖို့နဲ့ လက်ရှိမြေပြင်မှာ သက်စွန့်ဆံဖျား ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို လေးစားဂုဏ်ပြုကြောင်း ဆိုထားပါတယ်။
အထူးသဖြင့် မြန်မာပြည်သူတွေဟာ သဘာဝဘေးဒဏ်ရဲ့ ဆိုးကျိုးတွေကို ကောင်းစွာနားလည်ထားကြပြီး၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အပြီး အရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ကျော်ဖြတ်ခဲ့ရကြောင်း သဝဏ်လွှာမှာ ထောက်ပြပြောဆိုထားပါတယ်။
အဲဒီလို စစ်ကိုင်းငလျင်အတွင်း မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုအဖွဲ့တွေ ရရှိခဲ့တဲ့ သဘာဝဘေးတုံ့ပြန်ရေးနဲ့ လူမှုအသိုက်အဝန်း ခံနိုင်ရည်စွမ်းအားမြှင့်တင်ရေးဆိုင်ရာ လက်တွေ့အသိပညာ၊ အတွေ့အကြုံတွေကို အသုံးချကာ ဒေသတွင်း ရိုင်းပင်းကူညီမှုစိတ်ဓာတ်ဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေမှာ လေးနက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေဟာ နိုင်ငံရေးနယ်နိမိတ်တွေကို ကျော်လွန်ပြီး အချင်းချင်း ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း သတိပေးနေခြင်းဖြစ်ကာ၊ ခက်ခဲတဲ့ အချိန်ကာလမှာ ဖိလစ်ပိုင်ပြည်သူတွေနဲ့အတူ အခိုင်အမာ ရပ်တည်သွားမှာဖြစ်ကြောင်းကိုလည်း NUCC က ဆိုထားပါတယ်။
မနေ့က ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုကျွန်းကမ်းလွန်မှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၃၀ ကျော် ရှိလာပြီး၊ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အေပီသတင်းဌာန (AP) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
