၃ နှစ်အတွင်း ထောင်တွင်းဆေးဝါးကုသခွင့်မရ၍ သေဆုံးသူနဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော်ရှိဟု PPNM ထုတ်ပြန်
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်တဲ့ ကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ စစ်အုပ်စုနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ မတရားဖိနှိပ်မှု၊ ဆေးဝါးကုသခွင့် မပေးမှုတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၂၃ ဦး ရှိခဲ့တယ်လို့ အဲဒီအဖွဲ့က ဒီကနေ့ ဇွန် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PPNM ၃ နှစ်ပြည့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ ဖော်ထုတ်မှုမှတ်တမ်းအရ အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မပေးခြင်း၊ ဆေးဝါးမရရှိခြင်းနဲ့ အချိန်နှောင့်နှေးခြင်းတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၄၈ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေထဲမှာ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ LGBT တစ်ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုနဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၅ ဦး ရှိခဲ့ပြီး၊ အဲဒီအထဲမှာ အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့လည်း PPNM က ဖော်ပြထားပါတယ်။
၁ ချိန်တည်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ငလျင်ဒဏ်ကြောင့် အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသူတွေအနေနဲ့ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၅၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
PPNM အနေနဲ့ ၃ နှစ်တာကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းထုတ်ပြန်ချက် ၁၁၀ ခု၊ ထောင်ပြောင်းရွှေ့မှုဆိုင်ရာ ထုတ်ပြန်ချက် ၁၅ ခုအပြင် လွတ်မြောက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၉ ခုတို့ကို ဖော်ထုတ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ သေဆုံး၊ ကျဆုံးမှု စာရင်းဇယားတွေဟာ စစ်အုပ်စုရဲ့ အကျဉ်းထောင်စနစ်အတွင်းက လူမဆန်တဲ့ ရာဇဝတ်မှုတွေကို သက်သေထူနေခြင်း ဖြစ်ကြောင်း၊ ထောင်တွင်းလူ့အခွင့်အရေး အပြည့်အဝရရှိရေးနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဖော်ထုတ် တိုက်ပွဲဝင်သွားမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PPNM
