အင်းစိန်မှာ သုံးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ မေ ၂၉ရက်နေ့က အသက် (၃) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သူလို့ ဆိုသူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ မေ ၂၈ရက်နေ့ ညပိုင်းက ကြို့ကုန်အနောက်ရပ်ကွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပန်းရံဆင်းသူ မိခင်နောက် လိုက်လာတဲ့ ကလေးငယ်ကို လုပ်ငန်းခွင်အတွင်းရှိ လုပ်သားတစ်ဦးဖြစ်သူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးက အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
“အဲဒီဆိုက်ထဲမှာ သူ့အမေက ပန်းရံလုပ်တာ။ ကလေးအိမ်မှာထားရင် စိတ်မချလို့ အလုပ်ထဲ ခေါ်လာတာ။ အလုပ်သိမ်းပြီး သူ့အမေ ခြေထောက်တွေ၊ လက်တွေ သန့်ရှင်းရေးလုပ်နေတဲ့အချိန် အနောက်က လိုက်လာတဲ့ကလေးကို ဆေးသုတ်တဲ့ကောင်က အရက်မူးပြီး သူ့တဲထဲခေါ်ပြီး အဓမ္မကျင့်တာ။ အသက် ၃ နှစ်ပဲ ရှိသေးတဲ့ကလေးကို” လို့ ပြောပါတယ်။
အဓမ္မကျင့်ခံရပြီး ကလေးငယ် သေဆုံးသွားပြီးနောက် ကိုဇော်ဇော်အောင်ဟာ အလောင်းကို အထပ်သားပြားတွေ၊ ဘိလပ်မြေအိတ်ခွံတွေနဲ့ ဖုံးကာ ထွက်ပြေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“မုဒိမ်းကျင့်တဲ့ကောင်က ထွက်ပြေးတာ။ ဆိုက်ထဲက အလုပ်သမားတွေရော၊ ရပ်ကွက်ထဲကသူတွေရော သတင်းပေးလို့ ၂၉ ရက်နေ့မှာ စော်ဘွားကြီးကုန်းမှာ ဖမ်းမိတယ်။ သူ့ကို လူသတ်မှု၊ မုဒိမ်းမှု ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်ဇော်အောင် (ခ) ပြောင်ကြီးကို အင်းစိန်မြို့မရဲစခန်း (ပ) ၅၀၅/၂၀၂၆၊ ပုဒ်မ ၃၀၂/၃၇၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း အရှေ့ဒဂုံမြို့နယ်၊ ၁၃၂ ရပ်ကွက်မှာ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို အမျိုးသား တစ်ဦးကအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်လို့စွပ်စွဲခံရသူကို ဖမ်းဆီးခြင်း မပြုဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့သလို၊ အရှေ့ဒဂုံမြို့နယ်ရဲစခန်းကလည်း အမှုမဖွင့်ပေးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
