ရန်ကုန်-ဟင်္သာတ လမ်းပိုင်း ဆိုးဝါးစွာ ပျက်စီးနေလို့ သွားလာဖို့ အခက်တွေ့ 

Author CJ Platform
Categories
Published on May 29, 2026

ဧရာဝတီတိုင်းအတွင်းက ဟင်္သာတ၊ ဇလွန်နဲ့ ဓနုဖြူ လမ်းပိုင်းတွေမှာ စိုးရိမ်ရလောက်တဲ့ လမ်းပျက်စီးယိုယွင်းမှုတွေ ရှိနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်ကားသမားတွေအတွက်ပါ ကူးသန်းသွားလာရေး အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

 

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီလမ်းပိုင်းတွေကို ရေရှည်တည်တံ့အောင် ပြန်လည်ပြင်ဆင်ပေးတာ မရှိဘဲ ပစ်ထားတာတွေကြောင့် လမ်းမကြီးတွေမှာ အရှိန်နဲ့ မောင်းနှင်လို့ မရလောက်အောင် ချိုင့်ခွက်တွေ ပြည့်နှက်ကာ ပျက်စီးနေတယ်လို့ သိရပါတယ်။

 

“အဲဒီလမ်းကို ပြန်မပြင်တာ တော်တော်ကြာပြီ။ လမ်းက တော်တော်ကို ဆိုးနေတယ်။ ဓနုဖြူနဲ့ ဇလွန်လမ်းဆို အရှိန်နဲ့ မောင်းလို့ မရသလောက် ဖြစ်သွားပြီ။ ခရီးသွားယာဉ်တွေရော ကုန်ကားသမားတွေရော ဘယ်လိုမှ အဆင်မပြေဘူး။ လမ်းက ကြမ်းတော့ ယာဉ်ပြင်ဆင်စရိတ်က ပိုတက်လာတာပေါ့။ လမ်းမပြင်တာ အာဏာသိမ်းပြီးကတည်းကပဲ ဆိုပါတော့။ ကြားထဲ ပြင်တယ်ဆိုတာလည်း အဖြစ်လောက်လေးပါ။ အရင်ကဆို အဲဒီလိုမှ မဟုတ်တာ” လို့ ဟင်္သာတ-ရန်ကုန် ပြေးဆွဲနေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားယာဉ်မောင်း ၁ ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေကို ထုတ်ဖော်ပြောဆိုရဲသူ မရှိဘူးလို့ ဆက်လက်ပြောပါတယ်။

 

လမ်းပိုင်းတွေ ပျက်စီးနေတာကြောင့် သွားလာရေးမှာ ကြန့်ကြာစေတဲ့အပြင် မိုးရာသီကာလ ရောက်ရှိလာရင် အခုထက် ပိုမိုဆိုးရွားလာနိုင်တာကြောင့် လူမှုကူညီရေး ပရဟိတအသင်းတွေအနေနဲ့လည်း အရေးပေါ်လူနာ တင်ပို့တဲ့အခါမှာ အခက်အခဲကြီးစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“အရေးပေါ်ကား သွားတဲ့အခါ လူနာအရေးကြီးနေလည်း လမ်းအခြေအနေကြောင့် အမြန်မောင်းလို့ မရဘူး။ အခုဆို ကြံခင်းဘက်က လူနာ တစ်ယောက် ရန်ကုန်ထိ အရေးပေါ် သွားသင့်တာပေါ့နော်။ လမ်းကမကောင်း၊ လူနာကလည်း ခံနိုင်ရည်မရှိတာကြောင့် ၁ ရက်နောက်ကျပြီးမှ ရန်ကုန်သွားရတယ်။ အခု ကြားရတာကတော့ အဲဒီလူနာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးသွားတယ် ကြားတယ်။ ဒါတွေက အချိန်မီမရောက်တဲ့ အခြေအနေတွေပေါ့။ လမ်းကောင်းနေမယ်ဆိုရင် မြန်မြန်ဆန်ဆန် ဆေးကုသမှု ခံယူနိုင်ရင် အကောင်းဆုံးဖြစ်တာပေါ့” လို့ ဧရာဝတီတိုင်းအတွင်းက ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ပရဟိတအသင်းတွေဟာ ပြည်သူတွေရဲ့ အလှူငွေနဲ့ လည်ပတ်နေတာဖြစ်ပြီး ခရီးသွားလာရေးအတွက် လမ်းဆိုးနေတာကြောင့် မော်တော်ယာဉ် ပြင်ဆင်စရိတ်နဲ့ စက်သုံးဆီစရိတ်တွေ ပိုမိုကုန်ကျလာတာကြောင့် အရင်က လူနာ ၅ ဦးခန့် ကူညီနိုင်တဲ့နေရာမှာ အခုအခါမှာတော့ ၃ ဦးခန့်သာ ကူညီနိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

 

စစ်အုပ်စု အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုတွေနဲ့အတူ တံတားအသစ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့သော်လည်း စစ်အုပ်စု အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေး မြှင့်တင်ထိန်းသိမ်းမှုအစား စစ်ဆေးရေးဂိတ်တွေကို ပိုမိုဖွင့်လှစ်ကာ ငွေကြေးတောင်းခံမှုတွေကိုသာ လုပ်ဆောင်နေခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ