ယုဇနဥယျာဉ်အိမ်ရာမှာ ရေပုံမှန်မရတဲ့အပြင် ရတဲ့ရေကလည်း သုံးလို့မရအောင်ဖြစ်နေလို့ အခက်အခဲဖြစ်နေ
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာမှာ ရေပုံမှန်မရတဲ့အပြင် ယုဇနစည်ပင်ရေသန့်ဌာနက ပေးတဲ့ရေတွေဟာ အသုံးပြုလို့မရအောင် ဖြစ်နေတယ်လို့ အိမ်ရာနေပြည်သူတွေဆီက သိရပါတယ်။
ယုဇနစည်ပင်ရေသန့်ဌာနက ပေးတဲ့ရေတွေဟာ နောက်ကျိပြီး မဲညစ်နေတာ မေလ ၂၀ ရက်ကတည်းကဖြစ်ပြီး ဒီကနေ့အထိ ရေသန့်ရှင်းမှုမရှိလို့ ရေဝယ်သုံးနေရတယ်လို့ အိမ်ရာနေသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရေက အတော်ဆိုးတာဗျာ။ ကြာရင် လူတွေ ကျန်းမာရေးထိခိုက်မယ်။ ရေပေးဝေတဲ့ဌာနအနေနဲ့ ဒါတွေကို ပြင်ဆင်သင့်တယ်။ ရေလို့တောင် ပြောလို့မရဘူး၊ အတော်ညစ်ပတ်တာ” လို့ ပြောပါတယ်။
တစ်ခါတလေ ရေထဲမှာ ပိုးလောက်လမ်းတွေ၊ သန်ကောင်အသေးစားလေးတွေ ပါလာပြီး ရေကန်ကို သန့်ရှင်းရေးလုပ်ပေမယ့် ရေပြန်ပေးချိန်မှာ ပိုးမွှားတွေ ပြန်ပါလာတယ်လို့ အခြားအိမ်ရာနေသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရေထဲမှာ ပိုးလောက်လမ်းတွေ၊ သန်ကောင်အသေးစားလေးတွေ ပါလာလို့ ကိုယ့်ရေကန် မသန့်ရှင်းလို့ထင်ပြီး အုတ်ကန်ကို ဆေးပေမယ့် နောက်ရက် ရေပြန်ပေးရင် ပြန်ပါလာတာပဲ။ စည်ပင်ပေးတဲ့ရေက သုံးဖို့မပြောနဲ့ အိမ်သာသုံးဖို့တောင် မသတီဘူး” လို့ သူက ပြောပါတယ်။
ဒီကိစ္စကို အိမ်ရာမှာ နေထိုင်သူတွေကတော့ အိမ်ရာကော်မတီအဖွဲ့အစည်းအနေနဲ့ လေ့လာပြီး ရေပေးဝေရေးဌာနကို တင်ပြသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
“တချို့ကလည်း ရေပေးဝေရေးဌာနက ပေးတဲ့ရေ မသန့်ရှင်းလို့ဆိုပြီး ပြောတဲ့သူတွေရှိတယ်။ ပိုက်တွေမကောင်းလို့ ရေမသန့်ရှင်းတာဆိုပြီး ပြောနေတဲ့သူတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရာကော်မတီအနေနဲ့ သက်ဆိုင်ရာကို တင်ပြသင့်တယ်။ ကြာရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်မှာ” လို့ ရပ်မိရပ်ဖ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် ယုဇနဥယျာဉ်အိမ်ရာဟာ ရေပြတ်လပ်မှု မကြာခဏဖြစ်လို့ ရေစည်တွန်းလှည်းတွေကို အမှီပြုနေရတာကြောင့် အပိုဝင်ငွေကုန်ကျမှုတွေလည်း ရှိတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ယုဇနဥယျာဉ်အိမ်ရာမှာ တိုက်ခန်းပေါင်း ၁၂,၀၀၀ ခန့်ရှိပြီး နေထိုင်သူပြည်သူပေါင်း ၁ သိန်းနီးပါး နေထိုင်တဲ့အတွက် A, B, C Block အလိုက် ရေပြတ်တောက်မှုဖြစ်ရင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ – ယုဇနဥယျာဉ်အိမ်ရာ နေပြည်သူများ
