လိင်မှုကိစ္စ ကျူးလွန်တဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၂ ဦးကို တိုင်တဲ့ စစ်သည် ၃ ဦး ရှေ့တန်းပို့ခံရ

Author CJ Platform
Categories
Published on May 29, 2026

ရဲမေတွေကို လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၂ ဦးကို တိုင်ကြားခဲ့တဲ့ စစ်သည် ၃ ဦးကို ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ပို့လိုက်တယ်လို့ ကျိုင်းတုံမြို့ခံတွေဆီက သိရပါတယ်။

 

နေပြည်တော်မှာရှိတဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တင်စိုးဆီကို စစ်သည် ၃ ဦးရဲ့ တိုင်ကြားစာရောက်ပြီး ၉ ရက်မြောက်နေ့ မေလ ၂၇ ရက်မှာ ရှေ့တန်းပို့ခံရတာလို့ ဒေသခံ ၁ ဦးက CJ Platform ကို ပြောပါတယ်။

 

“အတော်လေး မိုက်ရိုင်းတာ။ ကိုယ့်မိန်းမ လိင်မှုကိစ္စ ကျူးလွန်ခံရလို့ အားကိုးတကြီးနဲ့ ထောက်ပို့က ညွှန်မှူးကို တိုင်တယ်။ စာရောက်ပြီး မကြာဘူး၊ တိုင်တဲ့ ရဲဘော် ၃ ယောက်ကို ဗန်းမော်ကို ပို့လိုက်တယ်။ အခြားသူ မပါဘူး၊ တိုင်တဲ့ ရဲဘော် ၃ ယောက်ပဲ” လို့ ပြောပါတယ်။

 

တိုင်ကြားတဲ့ ရဲဘော် ၃ ယောက် ရှေ့တန်းပို့ခံရပြီးနောက် ဇနီးတွေဟာ တပ်တွင်းမှာ မနေရဲတော့ဘဲ ကလေးတွေကိုခေါ်ကာ မိဘတွေဆီ မေလ ၂၈ ရက်က ပြန်သွားတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

 

ရှေ့တန်းထွက်နေတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူး ပြည့်ဖြိုးကျော်တို့ဟာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တင်စိုးကို သိန်းရာချီနဲ့ ကန်တော့ခဲ့တာကြောင့် အမှုဖြစ်စဉ်ဟာ ပြောင်းလဲသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“တိုင်စာပို့တုန်းက ထောက်ပို့ညွှန်မှူးက ဗိုလ်ချုပ် ဝင်းမြတ်ထင်လို့ ကျနော်တို့က အားပေးတာ။ ဗိုလ်ချုပ် တင်စိုး အသံကြားတော့ အကုန်လုံး မကူညီရဲဘူး၊ နောက်ဆုတ်သွားတယ်။ ဗိုလ်ချုပ် တင်စိုးဆိုတာ ငွေရရင် ဘာမဆိုလုပ်တာ။ ၂၀၂၁ ခုနှစ် ရပခတိုင်းမှူးဖြစ်တုန်းက ဖရူးဆိုးမှာ လူအစုလိုက်အပြုံလိုက် သတ်လို့ နာမည်ကြီးတဲ့သူ။ သူ့သတင်းတွေ အရမ်းထွက်လာလို့ လက်ရုံးတပ်ကို ပြောင်းလိုက်တာ” လို့ ပြောပါတယ်။

 

လက်ရှိ အမှတ် (၄) ဝန်တင်တပ်ရင်းမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်က တပ်အတွင်းမှာရှိတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ ဖုန်းအားလုံးနဲ့ လူမှုကွန်ရက် အသုံးပြုတဲ့ အကောင့်အားလုံးကို စောင့်ကြည့်ဖို့ ဗိုလ်ကြီး ၂ ယောက် ဦးဆောင်တဲ့ ၆ ဦးကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းက ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်နဲ့ ဗိုလ်မှူး ၂ ဦးကို အမျိုးသမီးအရာရှိတွေက ဧပြီလ ၂၉ ရက်မှာ တိုင်ကြားပြီး ဇနီးဖြစ်သူ လိင်မှုကိစ္စ ကျူးလွန်ခံရတဲ့ ရဲဘော် ၃ ဦးက မေလ ၁၂ ရက်မှာ တိုင်းစစ်ဌာနချုပ်နဲ့ မေလ ၁၉ ရက်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးကို တိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC