ကျောက်ထုဒေသကို စစ်အုပ်စုက ဂျက်ဖိုက်တာ ၃ စီး၊ Y-12 တို့နဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ပြုလုပ်နေ
မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုဒေသ လယ်ဆောကျေးရွာအနီးကို စစ်အုပ်စုက မေလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၃ စင်းနဲ့ Y-12 ထောက်ပို့လေယာဉ်တွေကို အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ပြုလုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် ကင်းထောက်ဒရုန်း ပျံဝဲခဲ့ပြီးနောက် နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စင်း မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်း စုစုပေါင်း ၃ စင်းနဲ့ လယ်ဆောကျေးရွာဝန်းကျင်ကို ၃ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
“လေယာဉ်ပစ်လို့ မီးလင်းသွားတာတွေ မြင်နေရတယ်။ ဖိုက်တာတက်လာတာနဲ့ ဗုံးခိုကျင်းနား နေရတာပဲ။ စစ်ဘေးရှောင်တွေနဲ့ ရဲဘော်တွေကို စိတ်ပူနေရတယ်” လို့ ကျောက်ထုဒေသနဲ့ ထိစပ်နေတဲ့ ထီးလင်းမြို့နယ်က အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးက ပြောပါတယ်။
ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မကွေးလေတပ်က တက်လာတဲ့ Y-12 ထောက်ပို့ယာဉ်နဲ့ လယ်ဆောကျေးရွာဝန်းကျင်ကိုပဲ ၁၀ ကြိမ်ထက်မနည်း ဗုံးသီးအလုံးရေ အမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဆောရွာဝန်းကျင်က အရပ်သားပိုင် ဆိုင်ကယ် ၆ စီး၊ မော်တော်ယာဉ် ၃ စီး၊ စက်သုံးဆီပေပါ ၃၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညက လေကြောင်းတိုက်ခိုက်မှုက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆီပေပါတွေ ပျက်စီးသွားတယ်။ လူတွေ အထိအခိုက် ရှိ၊ မရှိကတော့ မသိရသေးဘူး” လို့ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသား ၁ ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်ရတာက တစ်မျိုး၊ လေယာဉ်လာလို့ ပြေးရတာက တစ်မျိုးနဲ့ စိတ်တွေ ပင်ပန်းရတယ်။ လေယာဉ်သံကြားရင် လူက တုန်နေရော။ တောင်ပြေးမြောက်ပြေးနဲ့ ဒုက္ခတွေက ရောက်လှပါပြီ” လို့ ကျောက်ထုဒေသခံ အသက် ၃၂ နှစ်ဝန်းကျင် အမျိုးသမီး ၁ ဦးက ပြောပါတယ်။
တပြင်းကျေးရွာ ပထမစစ်ကြောင်းကို တပ်ကူလာတဲ့ စစ်ယာဉ်တန်း ၄၀ ကျော်နဲ့ အင်အား ၁,၀၀၀ ကျော် စစ်ကြောင်းဟာလည်း မေလ ၂၆ ရက်မှာ ကျောက်ထု အမတ (၃၆၈) ထဲကို ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်း ဝင်ရောက်ပြီး မေလ ၂၈ ရက်မှာ ကျောက်ထု အမတ (၃၆၈) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မင်းတပ်မြို့အရှေ့ခြမ်း တစ်နေရာကို ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ကင်းထောက်လေယာဉ်၊ ဒရုန်းတွေကို အသုံးပြုပြီး ကင်းထောက်ပျံဝဲတာတွေကို ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူ ၁ ဦးက ပြောပါတယ်။
“လယ်ဆောနားတွေ မပစ်ခင်က ကင်းထောက်ဒရုန်း ဝဲနေတယ်။ ပြီးမှ ဖိုက်တာ (Fighter) လာပစ်တာလို့ ပြောတယ်ဗျ။ ပေါင် ၅၀၀ ဗုံးတွေလည်း ပါတော့ လမ်းတွေလည်း ပျက်စီးသွားတယ်” လို့ အသက် ၂၅ နှစ်ဝန်းကျင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ မေလ ၂၈ ရက် တစ်ရက်တည်းမှာပဲ ဆော-ကန်ပက်လက်အစပ်က စစ်ကြောင်းကိုလည်း Y-12 နဲ့ ခဲယမ်းရိက္ခာ ချပေးခဲ့ပြီး ကျောက်ထု အမတ (၃၆၈) ကိုလည်း Y-8 နဲ့ မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ ၁၀ ကြိမ်ထက်မနည်း ပျံဝဲကာ ခဲယမ်းရိက္ခာထုပ်တွေ ဖြည့်တင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူတို့ ရိက္ခာလက်နက်ကတော့ အများကြီး လာဖြည့်နေတာ။ မနေ့က (မေလ ၂၈ ရက်) တင်ကို အထုပ်ပေါင်း ၃၀ နီးပါး ရှိမယ်” လို့ ကျောက်ထုဒေသခံ ၁ ဦးက ပြောပါတယ်။
အခုလက်ရှိအချိန်မှာ ကျောက်ထု အမတ (၃၆၈) က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်ဟာ ကံချောင်းကျေးရွာနဲ့ ကျောက်စစ်ကျေးရွာ အနီးမှာ ရောက်ရှိနေတာကြောင့် စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အဆက်မပြတ် ပြုလုပ်နေတာကြောင့် စစ်ရေးသတိ၊ လေကြောင်းအန္တရာယ်တွေကိုပါ ဂရုစိုက်ကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တိုက်တွန်းထားကြပါတယ်။
ဓာတ်ပုံ – CJ
