မြန်မာစစ်လက်နက်ပွဲစားကွန်ရက်ရဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံမှုကို ထိုင်းအာဏာပိုင်တွေ တားမြစ်စုံစမ်းပေးဖို့ JFM တောင်းဆို

Author CJ Platform
Categories
Published on May 01, 2026

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Advanced Connection Corporation (ACC) ကုမ္ပဏီရဲ့ ရှယ်ယာအမြောက်အမြားကို မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ Sky Aviator ကွန်ရက်က ကုမ္ပဏီတွေကို ရောင်းချဖို့ အတည်ပြုလိုက်ခြင်းနဲ့ သွေးစွန်းငွေတွေကို ထိုင်းနိုင်ငံအတွင်း ခဝါချခွင့် လုံးဝမပေးသင့်ဘူးလို့  Justice For Myanmar (JFM) က ဝေဖန်ထောက်ပြပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ တားမြစ်စုံစမ်းပေးဖို့ ဒီကနေ့ မေ ၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

 

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က ပြုလုပ်တဲ့ ACC ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေစည်းအဝေးမှာ စစ်အုပ်စုရဲ့ လက်နက်ပွဲစားကွန်ရက်ဖြစ်တဲ့ ကုမ္ပဏီနှစ်ခုဆီကို အစုရှယ်ယာအမြောက်အမြား ရောင်းချဖို့ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းကျော်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလို ဆုံးဖြတ်ချက်ကိုတော့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်တွေအပေါ် မရှင်းလင်းနိုင်သေးတဲ့မေးခွန်းတွေ၊ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြံပေးမှ အတည်မပြုရန် အကြံပြုထားချက်တွေနဲ့ ထိုင်းနိုင်ငံ ချေးငွေသက်သေခံလက်မှတ်နဲ့ လဲလှယ်ရေးကော်မရှင် (SEC) က ရှယ်ယာရှင်တွေနဲ့ပတ်သက်တဲ့ လုံလောက်တဲ့ အချက်တွေ ထပ်မံပေးအပ်ဖို့ ACC ကို ညွှန်ကြားချက်တွေ ရှိနေတဲ့ကြားကနေ အတည်ပြုခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူအခြေစိုက် Sky Avia Trading Pte. Ltd. နဲ့ Heli Asia Trading Pte. Ltd. တို့ဟာ သူတို့ရဲ့ ထိုင်းအမည်ခံ ဟန်ပြကုမ္ပဏီတွေကနေတစ်ဆင့် ACC မှာ ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်း) တန်ဖိုးရှိ ရှယ်ယာ ၂၃ ရာခိုင်နှုန်းကျော်ကို ရယူပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

 

အဲဒီကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ လေတပ်ကို ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်တွေရဲ့ အစိတ်အပိုင်းတွေ ရောင်းချပေးနေတဲ့ လက်နက်ပွဲစား ကျော်မင်းဦးရဲ့ Sky Aviator ကွန်ရက်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်းနဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ ရုရှားလေယာဉ်တွေကို အသုံးပြုပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘုန်းတော်ကြီးကျောင်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း JFM က ထောက်ပြထားပါတယ်။

 

“ကျော်မင်းဦးရဲ့ အဓိကစီးပွားရေးလုပ်ငန်းက သေကျေပျက်စီးစေမှုနဲ့ ဖျက်ဆီးမှုတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုထားပါတယ်။

 

စစ်လက်နက်ပွဲစား လုပ်ငန်းတွေအပေါ် ပြည်သူအများက စောင့်ကြည့်ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ကျော်မင်းဦးဟာ ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီတွေကို ပြန်လည်ဖွဲ့စည်းခဲ့ကာ ကာလရှည်အမည်ခံ ဒါရိုက်တာတစ်ဦးဖြစ်သူ စင်ကာပူနိုင်ငံသား Wee Lee Lian ကို ရှေ့တန်းတင် အသုံးပြုလာခဲ့တာဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားတွေအရ သိရတယ်လို့ JFM က ဆိုပါတယ်။

 

JFM အနေနဲ့ ရှယ်ယာအရောင်းအဝယ်နဲ့ ပတ်သက်ပြီး ထိုင်းစတော့အိတ်ချိန်း (SET) နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) တို့ဆီကို အစီရင်ခံ တိုင်ကြားထားပြီးဖြစ်ပြီး မြန်မာစစ်လက်နက်ပွဲစားကွန်ရက်က ထိုင်းအများပိုင်ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာမည့်အရေးကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး တားဆီးရန် တာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ကျော်မင်းဦးနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီမှုအတွက် မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပြီး၊ သူတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခဝါချခွင့် လုံးဝမပေးသင့်ပါဘူး” လို့လည်း မရတနာမောင်က ဆက်လက်ပြောကြားထားပါတယ်။

 

ဒါ့အပြင် အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့အနေနဲ့လည်း Sky Aviator ကွန်ရက်ရှိ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်သင့်တယ်လို့ JFM က တိုက်တွန်းထားပါသေးတယ်။