ပြည်ပမှ ခွင့်ပြန်အလုပ်သမားတွေ ခွင့်စာပြပြီး သံရုံးထောက်ခံစာ ယူလာရမယ်လို့ စစ်အုပ်စုတင်းကျပ်
ပြည်ပကနေ ခွင့်နဲ့ပြန်လာမယ့် အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဆီက ခွင့်စာကို သက်ဆိုင်ရာသံရုံးမှာပြပြီး ထောက်ခံစာယူလာရမယ်လို့ စစ်အုပ်စုဩဇာခံ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။
ပြည်ပကို အလုပ်သမားအသစ်အချို့က ခွင့်ပြန်အလုပ်သမားအသွင်နဲ့ ခွင့်စာအတုတွေသုံးပြီး တရားမဝင်ထွက်ခွင့်ရအောင် ကြိုးပမ်းတာတွေရှိနေတဲ့အတွက် ထပ်ပြီးသတ်မှတ်ရတာလို့ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုအနေနဲ့ မူလက ခွင့်ပြန်အလုပ်သမားတွေကို ပြည်ပပြန်ထွက်ခွင့်လျှောက်ထားရင် အလုပ်ရှင်ဆီကခွင့်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာကို ထည့်သွင်းတင်ပြဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အခုနောက်ထပ် လုပ်ငန်းစဉ်တစ်ခု ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။
“အလုပ်ပိုအောင် လုပ်တဲ့သဘောပဲ။ သံရုံးဆီကတောင် ထောက်ခံစာရမှတော့ ပြန်ထွက်ဖို့အတွက် ဘာထပ်စိစစ်နေဦးမှာလဲ” လို့ စင်ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ပြည်ပကနေ ဧပြီ ၁ ရက်ကစပြီး ခွင့်နဲ့ပြန်လာမယ့် အလုပ်သမားတွေကို အလုပ်ရှင်ဆီက ခွင့်စာယူကာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာပြပြီး ထောက်ခံစာယူဖို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီနောက် ခွင့်ပြန်အလုပ်သမားတွေ ပြည်တွင်းကပြန်ထွက်ဖို့အတွက် ထွက်ခွာခွင့်တင်ပြလျှောက်ထားချိန်မှာ သံရုံးကပေးလိုက်တဲ့ ထောက်ခံစာကို ထည့်သွင်းပေးရမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
ထို့ပြင် ခွင့်စာကိုလိမ်လည်တင်ပြရင် ကာလသတ်မှတ်ချက်တစ်ခုနဲ့ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ပြီး အမည်ပျက်စာရင်းသွင်းသွားမယ်လို့လည်း သတိပေးထားပါတယ်။
စစ်အုပ်စုအနေနဲ့ ခွင့်ပြန်အလုပ်သမားတွေကို ပြည်ပပြန်ထွက်ခွင့်အပေါ် အခုနှစ်ဆန်းပိုင်းကတည်းက မူဝါဒတင်းကျပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို တင်းကျပ်နေတဲ့အတွက် ပြည်တွင်းအလည်ပြန်ဖို့ ဝန်လေးမှုတွေ ဖြစ်ကြရတယ်လို့ ပြည်ပရောက်အလုပ်သမားအချို့က ပြောပါတယ်။
ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်လို့ စစ်အုပ်စုရဲ့ အသွင်ပြောင်းအစိုးရက ဖြေလျှော့ပေးဖို့ မျှော်လင့်သူတွေရှိခဲ့ပြီး ဖြေလျှော့တာမရှိတဲ့အပြင် ထပ်ပြီး တင်းကျပ်လာခဲ့တာ ဖြစ်ပါတယ်။
