စစ်ကိုင်းက အသက် ၆၂ နှစ်အထက် CDM ဝန်ထမ်း ၁၇၀ ကို ထောက်ပံ့ကန်တော့
စစ်ကိုင်းတိုင်း မြို့နယ် ၁၁ မြို့နယ်က အသက် ၆၂ နှစ်နှင့်အထက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေတဲ့ သက်ကြီးဝန်ထမ်း ၁၇၀ ကို ပထမအဆင့်အနေဖြင့် ထောက်ပံ့ကန်တော့ခဲ့ကြောင်း Sagaing Federal Unit CDM Civil Servants Council ဆီက သိရပါတယ်။
နိုင်ငံတစ်ဝန်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ သစ္စာရှိစွာ ပါဝင်နေကြတဲ့ သက်ကြီး CDM ဝန်ထမ်းတွေကို ဂုဏ်ပြုထောက်ပံ့ဖို့ ကောင်စီဖွဲ့စည်းပြီးတဲ့ မြို့နယ်အသီးသီးမှာ စာရင်းကောက်ယူခဲ့ရာမှာ အသက် ၆၀ နှင့်အထက် ဝန်ထမ်း ၃၇၉ ဦး စာရင်းရရှိခဲ့ရာမှ ၁၇၀ ဦးကို ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။
“ရန်ပုံငွေ အကန့်အသတ်ရှိတော့ စာရင်းရတဲ့သူအားလုံးကို တစ်ပြိုင်နက်တည်း ထောက်ပံ့ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ပထမအသုတ်အနေနဲ့ ဦးစားပေး ထောက်ပံ့လိုက်တာပါ။ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဒုတိယအသုတ်၊ တတိယအသုတ်တွေ ဆက်ရှိလာမှာပါ” လို့ ကောင်စီတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခုလို ထောက်ပံ့မှုကိုတော့ မြို့နယ်အလုပ်အမှုဆောင်တွေကတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အချို့မြို့နယ်တွေမှာ ကောင်စီက ထောက်ပံ့ငွေအပြင် မြို့နယ်အလိုက် ရန်ပုံငွေတွေနဲ့ ပေါင်းစပ်ထောက်ပံ့ကန်တော့ခဲ့ကြောင်း ဆက်လက်ပြောပါတယ်။
ကောင်စီအနေနဲ့ အခုလို သက်ကြီးဝန်ထမ်းတွေအပြင် အရေးပေါ် ကျန်းမာရေးအတွက် တစ်ဦးလျှင် ကျပ်နှစ်သိန်း၊ ကျဆုံး CDM ဝန်ထမ်းများအတွက် ကျပ်သုံးသိန်းနဲ့ လေကြောင်းတိုက်ခိုက်မှုစတဲ့ ထိခိုက်သူတွေကိုလည်း အခြေအနေပေါ်မူတည်ပြီး လစဉ်ထောက်ပံ့မှုတွေ ပေးနေတယ်လို့ သိရပါတယ်။
အခုအကြိမ် ထောက်ပံ့ကန်တော့နိုင်ခဲ့တဲ့ မြို့နယ် ၁၁ မြို့နယ်ဟာ ကျွန်းလှ၊ ခင်ဦး၊ ချောင်းဦး၊ စစ်ကိုင်း၊ တန့်ဆည်၊ ဒီပဲယင်း၊ ပင်လည်ဘူး၊ မော်လိုက်၊ ယင်းမာပင်၊ ရေဦးနဲ့ အရာတော်မြို့နယ်က CDM သက်ကြီးဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
CDM ဝန်ထမ်းတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲတွေကြားမှာ ဘဝရပ်တည်ရေးအတွက် လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲလုပ်ကိုင်နေကြပေမယ့် တော်လှန်ရေးမှာ အားကောင်းမောင်းသန် ဆက်လက်ပါဝင်လျက်ရှိနေကြတယ်လို့ ကောင်စီက ဆိုပါတယ်။
“အဆင်ပြေတဲ့ CDM ဝန်ထမ်းကနေ အဆင်မပြေတဲ့သူတွေကို ပြန်ထောက်ပံ့နေတဲ့ အနေအထားမျိုးတွေလည်း ရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းထောက်ပံ့ပေးစေချင်ပါတယ်” လို့ ကောင်စီတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ အသက်အကြီးဆုံးအဖြစ် ၆၅ နှစ်ဝန်းကျင် CDM ဝန်ထမ်းတွေ ပါဝင်နေပြီး ကျန်ရှိနေတဲ့ သက်ကြီးဝန်ထမ်းတွေကိုလည်း ထောက်ပံ့နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကောင်စီက ဒီကနေ့ ဧပြီလ ၂၇ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Sagaing Federal Unit CDM Civil Servants Council
