စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို EU သက်တမ်းတိုး
ဥရောပသမဂ္ဂ (EU) ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ်၊ မေလအထိ အနည်းဆုံး နောက်ထပ် တစ်နှစ် သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဥရောပသမဂ္ဂ ကောင်စီ (EU Council) ကနေပြီးတော့ စစ်အုပ်စုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ (Asset Freeze)၊ ဥရောပနိုင်ငံတွေကို ခရီးသွားခွင့် ပိတ်ပင်တာ (Travel Ban) နဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာ (Arms Embargo) စတဲ့ အရေးယူမှုတွေကို နောက်ထပ် သက်တမ်းတစ်နှစ် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ဌာနချုပ်ရှိရာ ဘရပ်ဆဲလ်မြို့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက စစ်အုပ်စုရဲ့ ယန္တရားတွေနဲ့ ခေါင်းဆောင်တွေကို ဦးတည်ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ၊ အခြေခံလွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားတာနဲ့ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ အတုအယောင်ရွေးကောက်ပွဲတွေကတစ်ဆင့် စစ်အာဏာတည်မြဲဖို့ ကြိုးပမ်းနေတာတွေကြောင့် စစ်အုပ်စုအပေါ် ဖိအားပေးဖို့အတွက် ဖြစ်ပါတယ်။
EU အနေနဲ့ မင်းအောင်လှိုင်စစ်အုပ်စုဆီ တိုက်ရိုက်ပေးမယ့် ဘဏ္ဍာရေးအကူအညီတွေကို ဆက်လက်ပိတ်ပင်ထားသလို၊ စစ်အုပ်စုရဲ့ တရားဝင်မှုကို အားပေးရာရောက်မယ့် ဘယ်အထောက်အပံ့မျိုးကိုမဆို ရပ်ဆိုင်းထားခြင်းအားဖြင့် ဖိအားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ အရပ်သား သေဆုံးမှု ၈,၀၀၀ နီးပါးအထိ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – pro-sac
