PDF တပ်ပြေးတွေကို ကိုယ်ရေးကိုယ်တာအချက်အလက်အတိအကျနဲ့ ထုတ်ပြန်တာဟာ NUG ရဲ့ မူဝါဒမဟုတ်ဘူးလို့ ဦးနေဘုန်းလတ်ပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းအချို့ကနေ တပ်ပြေးအဖြစ် သတ်မှတ်ခံရသူ တပ်ဖွဲ့ဝင်ရဲဘော်အချို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်မှုဟာ NUG ရဲ့ မူဝါဒမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
မန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) TRI ဗျူဟာတပ်ဖွဲ့ကနေ စည်းကမ်းဖောက်ဖျက်ပြီး စွန့်ခွာထွက်ပြေးသူ ၃၅ ဦးရဲ့စာရင်းကို မနေ့ ဧပြီ ၂၇ ရက်မှာ TRI ဗျူဟာက ဓာတ်ပုံနဲ့အတူ ကိုယ်ရေးအချက်အလက်အတိအကျနဲ့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
“ဒီလို ထုတ်ပြန်ရမယ်ဆိုပြီး မူဝါဒချထားတာမျိုး၊ ညွှန်ကြားထားတာမျိုး မရှိပါဘူး” လို့ ဦးနေဘုန်းလတ်ကလည်း CJ Platform ကို ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး TRI ဗျူဟာတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေမိုးကျော်ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း NUG MOD လက်အောက်ခံ မကွေးတိုင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်ခိုက်ရေး) တပ်ဖွဲ့က ရဲဘော် ၁၅ ဦးကို တပ်ပြေးတရားခံတွေအဖြစ် ကိုယ်ရေးအချက်အလက် အတိအကျနဲ့ ထုတ်ပြန်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
“အခုလို ထုတ်ပြန်ကြေညာလိုက်တာဟာ တော်လှန်ရေးအတွက် ကောင်းကျိုး/ဆိုးကျိုး ဘယ်လိုရှိမလဲဆိုတာ သူတို့ဘယ်လို သုတေသနလုပ်ထားလဲ။ အခုလို ကိုယ်ရေးအချက်အလက် အတိအကျနဲ့ ထုတ်ပြန်တာဟာ တော်လှန်ရေးအတွက် အဖျက်သဘောပဲဖြစ်တယ်။ အသစ်ဝင်လာမယ့် ရဲဘော်တွေအတွက်လည်း သူတို့ရဲ့လုံခြုံရေးကို စဉ်းစားသွားနိုင်တယ်” လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း သုံးသပ်ပြောထားပါတယ်။
တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို TRI ဗျူဟာက ထုတ်ပယ်တာ၊ အမည်ပျက်စာရင်းသွင်းခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူတို့တွေဟာ ရှေ့တန်းစစ်မျက်နှာပြင်ကနေ စွန့်ခွာထွက်ပြေးတာ၊ တပ်ပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ငွေကြေးအလွဲသုံးစားလုပ်တာ၊ ရန်သူထံ လက်နက်ချအညံ့ခံတာ၊ လေကြောင်းတိုက်ခိုက်ဖို့ Location ပေးပို့တာ၊ အခြားရဲဘော်တွေ ရန်သူထံ လက်နက်ချဖို့ စည်းရုံးသိမ်းသွင်းတာတွေကို လုပ်ဆောင်ခဲ့တာကြောင့် အခုလို အသိပေးထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – TRI ဗျူဟာ
