ရန်ကုန်မှာ တရားဥပဒေစိုးမိုးမှု အားကောင်းလာပြီး မှုခင်းကင်းစင်သွားတယ်လို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော ရန်ကုန်ဟာ ဒုစရိုက်မြို့တော်ဖြစ်နေပြီလို့ ပြည်သူတွေတုံ့ပြန်
ရန်ကုန်တိုင်းမှာ မှုခင်းကင်းစင်လာပြီး တရားဥပဒေစိုးမိုးမှု အားကောင်းလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အရင်ကထက် တရားဥပဒေစိုးမိုးရေးကို ပိုမိုလုပ်ဆောင်ကြဖို့ စစ်အုပ်စုခန့် တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၃ မှာ ဧပြီလ ၂၃ ရက်က ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ရဲအရာရှိတွေရဲ့ တင်ပြချက်ကို ကိုးကားပြီး ဝန်ကြီးချုပ်က ပြောတာလို့ Non CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒုရဲချုပ်ကနေ ဝန်ကြီးချုပ်ဖြစ်လာတော့ ရဲအရာရှိတွေပြောသမျှ အကုန်ယုံတာ။ ရန်ကုန်မှာ လုယက်မှုတွေ ခဏခဏဖြစ်လွန်းလို့ အပြင်ကို တစ်ယောက်တည်း မထွက်ရဲဘူး။ လှိုင်သာယာမှာဆို ရယကရုံးရှေ့မှာ ရပ်ထားတဲ့ ထွေအုပ်ဝန်ထမ်းဆိုင်ကယ်တောင် အခိုးခံရတာ” လို့ ပြောပါတယ်။
ဧပြီလ ၂၀ ရက်က အင်းစိန်နဲ့ ရွှေပြည်သာ ထိစပ်နယ်မြေဖြစ်တဲ့ ဒညင်းကုန်းဈေးအနီးမှာ မီတာဆောင်ပြီးပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို လူ ၂ ဦးက ရိုက်နှက်ကာ ငွေသိန်း ၂၀ လုသွားတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ည ၆ နာရီလောက်ကြီး လူမြင်ကွင်းမှာ ရိုက်ပြီးလုသွားတာ။ အနီးအနားမှာ စစ်တပ်ဂိတ်ရော ရဲရောရှိတယ်၊ ဖမ်းပေးတာမရှိဘူး။ ဘေးမှာရှိတဲ့သူတွေက ဝိုင်းဖမ်းမပေးရဲဘူး။ ဖမ်းပေးလို့ ရဲက ပြန်လွှတ်လိုက်ရင် လုတဲ့သူတွေက ဖမ်းပေးတဲ့သူကို အုပ်စုလိုက် ဓားနဲ့လာခုတ်တာ” လို့ ပြောပါတယ်။
ဧပြီလ ၁၉ ရက် ည ၇ နာရီကလည်း မြောက်ဒဂုံတံတားအဆင်းမှာ အလုပ်ကပြန်လာတဲ့ လူငယ်တစ်ဦးကို အမည်မသိ အမျိုးသား ၃ ယောက်က ရိုက်နှက်ကာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မြောက်ဒဂုံတံတားအဆင်းမှာ ကောင်လေးတစ်ယောက်ကို ဓားနဲ့ထောက်ပြီး ဖုန်းလုတာ။ ကောင်လေးက မပေးလို့ ခေါင်းကိုရိုက်ခွဲပြီး ဖုန်းယူသွားတယ်။ ရပ်ကွက်ထဲက လူတွေက အဲဒီကောင်လေးကို ဆေးရုံလိုက်ပို့လိုက်ရတယ်” လို့ ပြောပါတယ်။
အလားတူပင် ရွှေပြည်သာမြို့နယ်မှာလည်း လုယက်မှုများ မကြာခဏဖြစ်နေပြီး ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်တာမရှိဘူးလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပြီးခဲ့တဲ့လက ဇင်ယော်ကားမှတ်တိုင်မှာ လိုင်းကားစီးဖို့ စောင့်နေတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့ ဆွဲကြိုးကို ဆိုင်ကယ်ပေါ်ကနေ လုသွားတယ်။ ဒီလိုပဲ သံလမ်းမှတ်တိုင်နားမှာ စက်ရုံဆင်းပြီး ပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လစာငွေတွေ ရိုက်လုခံရတယ်။ လုယက်မှုသတင်းပဲ ကြားတာ၊ မိတဲ့သတင်း အခုချိန်ထိ မကြားရဘူး” လို့ ပြောပါတယ်။
လုယက်ခံရသူများက မြို့နယ်ရဲစခန်းများကို သွားရောက်တိုင်ကြားရာတွင် ရဲများက မြေပြင်ကိုဆင်းပြီး စုံစမ်းတာတွေမလုပ်ဘဲ မှတ်တမ်းယူကာ ပြန်ခိုင်းတယ်လို့ သာကေတရဲစခန်းတွင် အမှုဖွင့်ခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဖုန်းအလုခံရလို့ ရဲစခန်းသွားတိုင်တယ်၊ ရဲက မှတ်တမ်းပဲယူတယ်၊ အခင်းဖြစ်တဲ့နေရာ မလိုက်ဘူး။ ခေါ်ရင်လည်း ကျွန်တော်တို့ တစ်ခုခုဖြစ်ရင် ခင်ဗျားတာဝန်ယူမှာလားဆိုပြီး ပြောသေးတယ်။ အဲဒီလောက်ကြောက်နေရင် ရဲမလုပ်နဲ့၊ ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားနဲ့” လို့ ဝေဖန်ပြောဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ရိုက်လုတာ၊ ဓားထောက်လုတာ၊ ဓားနဲ့ထိုးလုတဲ့အမှု ၆၇၄ မှု ဖြစ်ခဲ့ပြီး အဲဒီထဲက ၁၅၆ မှုကိုသာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိတဲ့ အမှုပေါင်း ၅၀၀ ကျော် ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
