စစ်တွေမှာ AA တပ်ဖွဲ့ ဝင်ရောက်နေတယ်ဆိုတဲ့သတင်းကြောင့် စစ်အုပ်စုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးနေ
ရခိုင်ပြည် စစ်တွေမြို့အတွင်းကို အာရက္ခတပ်တော် (AA) ဝင်ရောက်နေတယ်ဆိုတဲ့သတင်းကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်ထဲထိ စစ်အုပ်စုက ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်တွေမြို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်တွေမြို့ထဲ လူစည်ကားတဲ့ ရပ်ကွက်တွေက နေအိမ်အများစုကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့ ဧပြီ ၂၇ ရက် မနက်အစောပိုင်းကစပြီး နေရာအများစုမှာ MPT ဆက်သွယ်ရေးကွန်ရက်တွေ မရရှိတော့ဘူးလို့ သိရပါတယ်။
“စစ်တွေ ဒီရက်ပိုင်း စစ်တပ်က လူနေရပ်ကွက်တွေကို နေ့ည နေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာ။ လူနေထူထပ် ပျံကျရပ်ကွက်တွေကို အဓိကစစ်တာ။ တစ်အိမ်လုံးကို ဗြောင်းဆန်အောင် စစ်တာ။ မြို့ထဲမှာ AA ဝင်ထားတယ်၊ လက်နက်တွေနဲ့ဆိုပြီး သတင်းရထားတယ်ဆိုပြီး ဝင်စစ်နေတာ” လို့ စစ်တွေမြို့ ဒေသခံက CJ Platform ကို ပြောပါတယ်။
စစ်တွေမြို့ထဲက နေအိမ်တွေကို အခုလ ဧပြီ ၂၄ ရက်ဝန်းကျင်ကတည်းက ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဒေသခံရဲတပ်ဖွဲ့ဝင်တွေ မပါဝင်ဘဲ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့သာ စစ်ဆေးခဲ့တာဖြစ်ပြီး စစ်တပ်ဝင်းနဲ့နီးစပ်တဲ့ နေအိမ်တွေကိုတော့ သန်းခေါင်စာရင်းစစ်ဆေးမှုတွေသာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ မတ်လအတွင်းက တိုက်ပွဲဖြစ်ပွားမှုများ နေ့စဉ်နီးပါးရှိခဲ့တာဖြစ်ပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်နေတာတွေလည်း ရှိနေခဲ့ပေမယ့် တောင်ကုတ်မြို့နဲ့ ရမ်းဗြဲမြို့တို့ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်မှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း စစ်တွေမြို့အနီးမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု လျော့ကျသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
