အခမဲ့ကျန်းမာရေးစနစ်ကြောင့် ပြည်သူ့ဆေးရုံတွေကို အားကိုးယုံကြည်လာနေတယ်လို့ စစ်အုပ်စုခန့် ဝန်ကြီးပြောကြားမှုကို ပြည်သူတွေ ဝေဖန်
အစိုးရဆေးရုံတွေမှာ ငွေတောင်းကြမ်းတာနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းမှုကို ပြည်သူတွေ ဝေဖန်နေကြချိန် ဆေးရုံတွေမှာ အခမဲ့ကျန်းမာရေးစနစ်ကို ဖော်ဆောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အစိုးရဆေးရုံကြီးတွေကို အားကိုးယုံကြည်လာပြီး ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုတယ်လို့ စစ်အုပ်စုခန့် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။
ဧပြီလ ၂၄ ရက်က နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် ၄ မှာ ပြုလုပ်တဲ့ “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၆” အခမ်းအနားမှာ စစ်အုပ်စုခန့် ဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျန်းမာရေးနဲ့ပတ်သက်ပြီး အစိုးရဆေးရုံများတွင် ဆေးကုသမှုခံယူနေသော ပြည်သူများအနေနဲ့ ငွေကြေးကုန်ကျမှုမရှိသည့်အပြင် ဖော်ရွေပျူငှာသော ကျန်းမာရေးဝန်ထမ်းများကြောင့် ၅ နှစ်တာကာလအတွင်း နာမည်ကောင်းတစ်ခုရပြီး ပြည်သူများ အားကိုးလာသည့်အတွက် အဆိုပါယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် လိုကြောင်း” ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူများအနေနဲ့ ပတ်တီး၊ ဂွမ်း၊ ဆေးထိုးအပ်မှစ၍ ဆေးပစ္စည်းမျိုးစုံ ဝယ်ရပြီး ကုန်ကျစရိတ်မှာလည်း ပုဂ္ဂလိကဆေးရုံကြီးများနဲ့ မကွာကြောင်း ဆေးကုသမှုခံနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆေးရုံတက်တာ အခမဲ့ပဲ၊ လိုအပ်တဲ့ပစ္စည်းကို လူနာရှင်က အကုန်ဝယ်ပေးရတာ။ ပတ်တီး၊ ဂွမ်းကစပြီး ထိုးဆေးအဆုံးပဲ။ ပေးလိုက်ရတဲ့ ပိုက်ဆံဆိုတာလည်း ဆေးရုံဂိတ်ပေါက်စောင့်တဲ့သူကနေပြီး သန့်ရှင်းရေးဝန်ထမ်းအဆုံးပဲ။ ဆေးရုံကဆင်းလို့ ပိုက်ဆံရှင်းရင် ပုဂ္ဂလိကဆေးရုံမှာ တက်ကုလို့ ၁၀ သိန်းကုန်ရင် အစိုးရဆေးရုံက ၆ သိန်းလောက် ကုန်တယ်” လို့ ပြောပါတယ်။
မြောက်ဥက္ကလာဆေးရုံကြီးမှာတော့ လူနာရှင်က ဆေးဝယ်ပေး၊ ငွေပေးရတဲ့အပြင် မှားယွင်းမှုရှိပါက ဆေးရုံစောင့်တွေ၊ သူနာပြုနဲ့ ဆရာဝန်တွေရဲ့ ဆဲဆိုကြိမ်းမောင်းတာလည်း ခံရတယ်လို့ မေဓာဝီဆေးရုံတက်ခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မေဓာဝီဆေးရုံမှာဆို လူနာနဲ့ လူနာရှင်က ဘယ်သူ့ကို ကြောက်ရမှန်းမသိဘူး၊ အကုန်ဆရာတွေချည်းပဲ။ တစ်ခုခုမှားရင် သန့်ရှင်းရေးကလည်းဆဲ၊ သူနာပြုဆရာမကလည်းဆဲ၊ ဆရာဝန်ကလည်းဆဲနဲ့ သေချာရှင်းပြတယ်လို့ မရှိဘူး။ တစ်ခါတစ်လေ သူတို့အချင်းချင်း ရန်ဖြစ်လို့ ဆဲဆိုရင် ဘေးလူက နားမခံနိုင်လို့ နားထဲ ဂွမ်းဆို့ထားရတယ်” လို့ ပြောပါတယ်။
အလားတူပင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်လည်း ဆေးရုံတက်ပါက လူနာရှင်များက ဆေးဝါးဝယ်ပေးရသလို ကုန်ကျစရိတ်အတွက် ပေးဆောင်ရတာရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခမဲ့ဆေးကုသမှုစနစ်ဆိုပေမယ့် ဆေးရုံတက်ပါက လူနာရှင်တွေက ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဝယ်ပေးနေရတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်အခြေအနေနဲ့ ကြုံလာပါက ပြည်သူများမှာ အစိုးရဆေးရုံတွေအစား ပုဂ္ဂလိကဆေးရုံတွေ ရွေးချယ်ဆေးကုသလာကြပါတယ်။
ဓာတ်ပုံ – Pro-SAC
