ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်ရှိလာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မင်းအောင်လှိုင် ပြော

Author CJ Platform
Categories
Published on Apr 22, 2026

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ဆီဟာဆတ်ဖုန်ကက်ကော်နဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့ ဧပြီ ၂၁ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိလာတယ်လို့ စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့အခြေအနေအရပ်ရပ်ကို ဆွေးနွေးကြဖို့ဖြစ်တယ်လို့ ထိုင်းအစိုးရဘက်က အခုလ ဧပြီ ၁၈ ရက်မှာ ပြောဆိုထားပါတယ်။

 

မင်းအောင်လှိုင်အစိုးရအဖွဲ့က အာဆီယံမှာ နေရာရရှိရေး ကြိုးစားနေချိန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို ၅ လတာကာလအတွင်း ဒုတိယအကြိမ် ထပ်မံရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်အုပ်စု ရွေးကောက်ပွဲမတိုင်မီ ဆီဟာဆတ်ဖုန်ကက်ကော် နေပြည်တော်ကို လာရောက်ခဲ့ပါသေးတယ်။

 

အာဆီယံအဖွဲ့အနေနဲ့ လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်အမှားတွေကို အခြေခံပြီး ဖိအားပေးနေမှုတွေရှိကြောင်းနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တွေကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း မင်းအောင်လှိုင်က မနေ့ ဧပြီ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

 

ထို့ပြင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို အပြုသဘောဆောင်တဲ့ ရှုမြင်သုံးသပ်မှုရှိနေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမယ့် ဘယ်နိုင်ငံဆိုတာကို ထည့်သွင်းမပြောဆိုထားပါဘူး။

 

အာဆီယံအဖွဲ့ဝင် ထိုင်းအစိုးရအဖွဲ့ကတော့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး အာဆီယံနဲ့ မြန်မာနိုင်ငံကြား ပေါင်းကူးတံတားသဖွယ် လုပ်ဆောင်ပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ စစ်ကော်မရှင်လက်ထက် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့ပါသေးတယ်။

 

လက်ရှိမှာလည်း မင်းအောင်လှိုင်အစိုးရအဖွဲ့ကို အာဆီယံက အသိအမှတ်မပြုကြောင်း ပြောဆိုထားချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က မင်းအောင်လှိုင် သမ္မတရာထူး လက်ခံရယူချိန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ထားသလို နှစ်နိုင်ငံဆက်ဆံရေး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားပြီး စစ်အုပ်စုအစိုးရအဖွဲ့ကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့ကလည်း ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC