လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကျပြီး စစ်ခေါင်းဆောင် Facebook ဖွင့်ရာ ဖြတ်ချခံရ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကျပြီး သမ္မတဖြစ်လာချိန်မှာ Head of State အမည်နဲ့ Facebook အကောင့်ကို ဖွင့်ခဲ့ပေမယ့် တစ်ရက်သာခံပြီး Facebook က ဖြတ်ချခဲ့တယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဧပြီလ ၁၉ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အကြီးအကဲ Head of State အမည်နဲ့ Facebook အကောင့်ဖွင့်ခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ Follower လုပ်ရန် ညွှန်ကြားခဲ့တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အမေစုကို အားကျပြီး Facebook အကောင့် လိုက်ဖွင့်တာ။ အမေစု Facebook အကောင့် စဖွင့်တယ်ဆိုပဲ နာရီပိုင်းအတွင်း Follower ၁ သန်း ခဏလေးနဲ့ရတာ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကျတော့ ဖွင့်တာ ၁ ရက် ကြာသွားတယ်၊ တစ်ယောက်မှ Follower လာမလုပ်ဘူး။ အဲဒါကြောင့် Follower လုပ်ဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ညွှန်ကြားတာ။ အခု အဲဒီအကောင့်တောင် လူမှုကွန်ရက်မှာ မတွေ့တော့ဘူး” လို့ ပြောပါတယ်။
Head of State Facebook Account ဖွင့်ရတဲ့ ရည်ရွယ်ချက်မှာ ပြည်သူများအား သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ရေးကို ပိုမိုခိုင်မာအားကောင်းစေရန် ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပြပါတယ်။
“Follower လုပ်ဖို့ သတင်းထုတ်ပြန်ပြီး မကြာဘူး Facebook က သူ့အကောင့်ကို ဖြတ်ချလိုက်တာ။ ဘယ်နာမည်နဲ့ ထပ်ဖွင့်မလဲတော့ မသိသေးဘူး။ Follower လုပ်ဖို့ ဝန်ကြီးဌာနအကုန် ညွှန်ကြားတာ” လို့ ပြန်ကြားရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ရှင်းပြပါတယ်။
ဌာနဆိုင်ရာ ဝန်ထမ်းများကို ညွှန်ကြားသည့်စာထဲတွင် အဆိုပါ Facebook Account စာမျက်နှာမှ နိုင်ငံတော်သမ္မတရုံး တရားဝင်ကြေညာချက်များ၊ နိုင်ငံတော်ဆိုင်ရာ နောက်ဆုံးရသတင်းများ၊ ပြည်သူလူထုနှင့် တွေ့ဆုံဆောင်ရွက်မှုများနှင့် အရေးကြီးသော ထုတ်ပြန်ချက်များ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ Facebook Account မှာ လူမှုကွန်ရက်တွင် ဒီကနေ့အထိရှိပြီး Follower ၂.၃ သန်း ရှိပါတယ်။
