တူတူပုန်းတမ်းဆော့နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကားဘော်ဒီဟောင်းပိ၍ သေဆုံး
ကရင်ပြည်၊ မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာ ဧပြီလ ၁၉ ရက် နေ့လယ် ၁၁ နာရီက ကလေးငယ်တွေ တူတူပုန်းတမ်းကစားနေချိန် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကားဘော်ဒီပိကျ၍ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧပြီလ ၁၉ ရက် နေ့လယ် ၁၁ နာရီက အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံဘုန်းတော်ကြီးကျောင်းနောက်ဘက် အနန္တသုခလမ်းမှာ ကလေးငယ်တွေ တူတူပုန်းတမ်းကစားနေစဉ် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ကားဘော်ဒီဟောင်းပိ၍ သေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကလေးတွေ တူတူပုန်းတမ်းကစားကြတာ၊ ကလေးတစ်ဦးက ကားဘော်ဒီထောင်ထားတဲ့နားက သရက်ပင်နားမှာ ပုန်းနေတာ။ အဲဒီအချိန် ကားဘော်ဒီက သူ့ကိုယ်ပေါ် လဲကျတာ၊ ဒဏ်ရာရပြီး သေသွားတယ်။ မိဘတွေ ရင်ကျိုးတာပေါ့ဗျာ” လို့ ပြောပါတယ်။
သေဆုံးသွားသည့် ကလေးငယ်မှာ အနန္တသုခလမ်းနေ ဦးနေထက်လင်း၏ သားဖြစ်သူ အသက် ၃ နှစ်အရွယ်ရှိ မောင်ဘုန်းလင်းဇော် ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဆိုပါ ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး မြဝတီမြို့မရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးခဲ့ပြီး သေမှုသေခင်းဖွင့်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း မြဝတီမြို့နယ် အမှတ် ၁ ရပ်ကွက် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သူငယ်ချင်းတွေနဲ့အတူ ကစားနေရင်း သံပန်းတံခါးပိ၍ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – Myintko
