စက်သုံးဆီကြောင့် နေလှမ်းဆားလုပ်ငန်းတွေ ရာသီပိတ်ချိန်မတိုင်မီ လုပ်ငန်းရပ်ဆိုင်းရဖို့ဖြစ်လာ

Author CJ Platform
Categories
Published on Mar 31, 2026

စက်သုံးဆီဝယ်ယူမရတာကြောင့် ဧရာဝတီတိုင်းနဲ့ မွန်ပြည်က ဆားတောင်သူတွေ ရာသီမပိတ်သိမ်းခင်မှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းရလုနီးပါး ကြုံတွေ့နေရတယ်လို့ ဆားဖိုသူကြီးတွေဆီက သိရပါတယ်။

 

နေလှမ်းဆားအထွက်ဆုံးဖြစ်တဲ့ တန်ခူးလမှာ စက်သုံးဆီဝယ်ယူမရတဲ့ အခက်အခဲကို ရင်ဆိုင်နေရတာကြောင့် ကွင်းတွင်း ရေတင်ဖို့အခက်အခဲတွေ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

 

“ဆားရေကိုင်ကလည်း နောက်ကွင်းလိုက်ဖို့ ဒီဇယ်တောင်းတယ်၊ မြို့ပေါ်မှာတောင် ဝယ်မရတာက ကွင်းထဲအထိ သယ်ဖို့ကျတော့ ခက်ကုန်ရော၊ ကျွန်တော်တို့ကျ ပုံးလေးတွေလောက်ဝယ်တာနဲ့ အဆင်မပြေဘူးလေ၊ ပေပါလိုက်ဝယ်ရတာကို ပေပါလိုက်ကျ ရောင်းမပေးကြတော့ဘူး၊ ကျွန်တော်တို့တင်မကဘူး ငါးလှေတွေလည်း ဒုက္ခရောက်နေတယ်”လို့ ဧရာဝတီတိုင်း သက္ကယ်သောင်ဆားတိုက်နယ်က ဆားဖိုသူကြီးတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ဆားကြမ်းတွေဟာ တစ်ပိသာ ၅၀၀ ကျပ်ကျော်အထိ စျေးပေါက်နေပေမယ့် ဆားကြမ်းစျေးနှုန်းတွေ ပြန်လည်ကျဆင်းမယ့် ဘေးကိုပါ ရင်ဆိုင်နေရပြီး ကွင်းအရောက် ဆားကြမ်းလာရောက် ဝယ်ယူနေသူတွေလည်း နည်းပါးနေတယ်လို့ သိရပါတယ်။

 

“ဆားထွက်များတဲ့အချိန်ရောက်နေတော့ စျေးက ၃၀၀ လောက်ထိ ကျလာမယ်လို့ပြောတယ်၊ ဝယ်သူမရှိဘူး လုပ်ငန်းကလည်း ဆီမရတော့ ရပ်ထားရမှာလားဆက်သွားရမလား မသိဘူး”လို့ ပြင်စလူဆားတိုက်နယ်က ဆားဖိုသူကြီးတစ်ဦးက ပြောပါတယ်။

 

ဆားကြမ်းအသုံးပြုပြီး လည်ပတ်နေတဲ့ စက်မှုလုပ်ငန်းအချို့မှာလည်း စက်သုံးဆီအခက်အခဲ၊ လျှပ်စစ်မီးပုံမှန် မရရှိမှုတွေကြောင့် ဆားကြမ်းဝယ်လိုမှု နည်းပါးနေပြီး ဆားတောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ရဖို့ ဖြစ်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News

Depend on news