ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာ မြန်မာနိုင်ငံက မြို့ ၄ မြို့ ပါဝင်လာ
မကွေးတိုင်းက မင်းဘူး ၊ မကွေးမြို့တွေ နဲ့ ပဲခူးတိုင်းက တောင်ငူ ၊ ပဲခူးမြို့တို့ဟာ ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲမှာပါဝင်လာကြောင်း ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို အချိန်နဲ့အလိုက် ထုတ်ပြန်နေတဲ့ အယ်ဒိုရာဒို (eldorado) ဝဘ်ဆိုက်စာမျက်နှာက ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြပါတယ်။
မင်းဘူးမြို့ရဲ့ အမြင့်ဆုံး အပူချိန်ဟာ ၄၂ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိရှိနေပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့တွေထဲ ဒုတိယနေရာမှာ ရှိနေပါတယ်။
တောင်ငူမြို့ဟာ ၄၁ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ် နဲ့ အဆင့် ၉ ၊ မကွေးမြို့မှာ ၄၁ ဒီဂရီ ဆဲလ်စီးယပ်နဲ့ အဆင့် ၁၁ မှာရှိနေကာ ပဲခူးမြို့မှာ ၄၀ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်နဲ့ အဆင့် ၁၃ မှာရှိနေပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အောက်ပိုင်းဒေသတွေမှာ နေ့အပူချိန်မြင့်တက်မှုတွေရှိနိုင်ကာ လာမယ့် ဧပြီလပထမပတ်ထဲမှာ နေ့အပူချိန် ၃၈ ဒီဂရီကနေ ၄၀ ဒီဂရီထိ ဆက်လက်မြင့်တက်နေမှာကို မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတွေ့ရပါတယ်။
ဒီလိုအပူချိန်မြင့်တက်လာတာနဲ့အတူ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်ပြီး အပူရှိန်ကြောင့် Heat Stroke ဖြစ်ကာ သေဆုံးတာတွေနဲ့ သတိလစ်မေ့မျောတာတွေရှိခဲ့ပြီး မတ် ၂၃ ရက်က မွန်ပြည်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှာ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိဖို့ နေအပူရှိန် မြင့်တက်နေချိန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဒဏ်ကြောင့် အပူရှပ် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် မတ် ၂၆ ရက် မနက်ပိုင်းက အငှားယာဉ်မောင်းလုပ်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဝါရင့်တေးသံရှင် ဦးပက်ထရစ်တင်ထွန်းဟာ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ကားကို ဆီတန်းစီနေတဲ့ လူကြားထဲ ထိုးရပ်ပြီး အပူရှပ် ကွယ်လွန်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
