ဧရာဝတီက အုပ်ကြီးတွေ တောင်သူတွေအတွက် ဆီခွဲတမ်းကို မှောင်ခိုရောင်းပြီး ဂွင်တွေ့နေ

Author CJ Platform
Categories
Published on Mar 31, 2026

ဧရာဝတီတိုင်းအတွင်းမှာ တောင်သူတွေ စပါးစိုက်ပျိုးနိုင်ဖို့နဲ့ ရိတ်သိမ်းနိုင်ဖို့အတွက် စက်သုံးဆီတွေကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ခွဲတမ်းနဲ့ ရောင်းချပေးနေပေမယ့် တောင်သူတွေဆီကို မရောက်ဘဲ အုပ်ချုပ်ရေးမှူးတွေက ဆီမှောင်ခိုရောင်းချပြီး စီးပွားဖြစ်နေတယ်လို့ ဒေသခံ လယ်သမားတွေဆီက သိရပါတယ်။

 

စက်သုံးဆီတွေ စျေးနှုန်းမြင့်တက်နေပြီး ဝယ်ယူမရရှိနိုင်တာကြောင့် တောင်သူတွေအနေနဲ့ စပါးရိတ်သိမ်းဖို့၊ ပဲရိတ်သိမ်းဖို့၊ လယ်တွေထဲ ရေသွင်းဖို့ ခက်ခဲနေချိန် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ စက်သုံးဆီဆိုင်တွေက စက်သုံးဆီတွေကို ခွဲတမ်းနဲ့ ရောင်းချပေးတာ၊ အုပ်ချုပ်ရေးမှူးတွေကို တစ်ရက်ခြား စက်သုံးဆီထုတ်ပေးတာတွေကို လုပ်ဆောင်ထားပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ အကျင့်ပျက်ခြစားမှုကြောင့် တောင်သူတွေလက်ဝယ်ကို စက်သုံးဆီတွေ မရောက်ရှိဘဲ ဖြစ်နေတာဖြစ်ပါတယ်။

 

“လယ်သမားတွေအတွက်ဆိုပြီး ခွဲတန်းနဲ့ ချပေးတဲ့ဆီကို ရပ်ကျေးတွေက လက်သင့်ရာကို လက်သိပ်ထိုးရောင်းပြီး တကယ်လိုနေတဲ့ လယ်သမားတွေဆီ မရောက်တာ”လို့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဉာဏ်ကွင်းကံရွာက တောင်သူတစ်ဦးက​ပြောပါတယ်။

 

ဒါ့အပြင် စိုက်ပျိုးလယ် နည်းပါးတဲ့ ကျေးရွာတွေမှာလည်း အုပ်ချုပ်ရေးမှူးတွေက စိုက်လယ်ဧကကို ပိုမိုစာရင်းပြပြီး စက်သုံးဆီထုတ်ယူကာ မှောင်ခိုရောင်းစားနေတယ်လို့ သိရပါတယ်။

 

“၂ရက်တကြိမ် ၃ရက်တကြိမ် ဆီဆိုင်တွေမှာ ခွဲတမ်းနဲ့ထုတ်ပေးနေတယ်၊ တချို့ ရေငံရှိတဲ့ရွာတွေ လယ်မစိုက်တဲ့ရွာတွေကအုပ်ကြီးတွေကလည်း အပေါ်နဲ့ပေါင်းပြီး ရက်ခြားဆိုသလို ဆီဂါလံ အနည်းဆုံး ၅၀ မှ ၁၀၀ အထိ ပေးနေတယ် တကယ်လယ်လုပ်တဲ့ ရွာတွေမှာက အုပ်ကြီးနဲ့နီးစပ်သူအနည်းငယ်ပဲ အပြင်ရောင်းစျေးထက်ပိုပေးပြီးပြန်ဝယ်နေရတယ်”လို့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က တောင်သူဦးကလည်း ပြောပါတယ်။

 

အတုယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို လယ်သမားတွေ စက်သုံးဆီအခက်အခဲမရှိရေး ဖြေရှင်းဆောင်ရွက်ပေးဖို့နဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ခက်ခဲတဲ့ ကိစ္စတွေကို လွှတ်တော်ကို ပြန်လည်တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။