စစ်အုပ်စုဦးဆောင်တဲ့ အမျိုးသားလွှတ်တော်မှာ ကြံခိုင်ရေးပါတီက ဒေါ်နန်းနီနီအေး ဒုသမ္မတ ဖြစ်လာ
ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ စစ်အုပ်စုဦးဆောင်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဒုတိယသမ္မတလောင်းကို မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီရွေးချယ်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးက ပြိုင်ဘက်ဖြစ်သူ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကို အပြတ်အသတ် အနိုင်ရရှိပြီး အမျိုးသားလွှတ်တော်ကိုယ်စားပြု ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒုတိယသမ္မတလောင်း ရွေးချယ်ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ကနေ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာမနမ်တူးဂျာတို့ကို အမည်စာရင်း တင်သွင်းခဲ့ကြတာပါ။ လွှတ်တော်အတွင်း မဲပေးကြတဲ့အခါမှာတော့ ဒေါ်နန်းနီနီအေးက မဲ ၁၁၀ ကျော်ရရှိခဲ့ပြီး၊ ဒေါက်တာမနမ်တူးဂျာကတော့ ၃၇ မဲသာ ရရှိခဲ့တာကြောင့် ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အခုအနိုင်ရသွားတဲ့ ဒေါ်နန်းနီနီအေးဟာ ကြံ့ခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဖြစ်ပြီး၊ ၂၀၁၀၊ ၂၀၁၅ နဲ့ အခု ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ သုံးကြိမ်စလုံးမှာ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ သူမဟာ စစ်တပ်နဲ့ အလွန်နီးစပ်တဲ့ နောက်ခံရှိသူဖြစ်ပြီး၊ သူမရဲ့ ဖခင်ဟာ အရင် လမ်းစဉ်ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အအစိုးရလက်ထက်တွေမှာလည်း စစ်တပ်နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဒေါ်နန်းနီနီအေးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာမနမ်တူးဂျာကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သလို၊ လက်ရှိမှာတော့ ကချင်ပြည်နယ်အတွင်းရှိ ပါတီတွေ ပေါင်းစည်းထားတဲ့ KSPP ပါတီကို ဦးဆောင်နေတဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဘက်မှာလည်း မဲခွဲဆုံးဖြတ်မှုတွေ ဆောင်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေတို့ကို ရွေးချယ်နေတာ ဖြစ်ပါတယ်။ လက်ရှိ မဲရေတွက်မှုအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲအသာစီးရနေပါတယ်။တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကတော့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို အမည်စာရင်း တင်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒုတိယသမ္မတ ၃ ဦးအနက်က တစ်ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ အမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက အပြတ်အသတ် အများစု ဖြစ်နေတာကြောင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာဖို့ဟာ ကြိုတင်စီမံထားတဲ့ ဇာတ်ညွှန်းအတိုင်းကျိန်းသေပြီဖြစ်ပါတယ်။
