ပုသိမ်ကြီးမြို့နယ်က အမျိုးသမီးတစ်ဦး တရုတ်နိုင်ငံသားဆီ ရောင်းစားခံခဲ့ရပြီး ကာလရှည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရ

Author CJ Platform
Categories
Published on Mar 31, 2026

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မကျီးပင်စောက်ရွာက အမျိုးသမီးတစ်ဦး ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းမှာ တရုတ်နိုင်ငံသားတစ်ဦးဆီ ရောင်းစားခံခဲ့ရကာ ကာလရှည် ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ စစ်အုပ်စု ရဲတပ်ဖွဲ့က မနေ့က မတ် ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျိုင်းတုံမြို့ကို အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိနေတဲ့ မကျီးပင်စောက်ရွာက နစ်နာသူ အမျိုးသမီးတစ်ဦးဟာ မိုင်းပေါက်မြို့နယ်အတွင်းက ပွဲစားတွေကနေတစ်ဆင့် တရုတ်နိုင်ငံသားတစ်ဦးဆီ ရောင်းစားခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

နစ်နာသူ အမျိုးသမီးဟာ ကျိုင်းတုံမြို့ကို ရောက်ရှိချိန် ယန်းခမ်းကားကြီးဝင်းမှာ ရှိနေတဲ့ မအိမူမူအောင် (ခ) သဲသဲနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ပါက တင်တောင်းငွေ ယွမ် ၁၅,၀၀၀ ရမယ်လို့ စည်းရုံးခဲ့ကာ မိုင်းပေါက်မြို့နေ ပွဲစား ဒေါ်အိဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

မိုင်းပေါက်မြို့က ပွဲစား ဒေါ်အိကနေတစ်ဆင့် တရုတ်ပွဲစားတွေက နစ်နာသူ အမျိုးသမီးကို တရုတ်နယ်စပ် ကျေးရွာတစ်ခုဆီကို တောလမ်းခရီးကနေတစ်ဆင့် ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံသား ‘ဝ’ လူမျိုး အဲကားဆိုသူနဲ့ လက်ထပ်စေခဲ့ကြောင်း၊ ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ဖို့ ပြောဆိုချိန် တင်တောင်းငွေ မရသေးတာကြောင့် အတူမနေလိုကြောင်း နစ်နာသူ အမျိုးသမီးက ပြောဆိုချိန် ပွဲစား ဒေါ်အိကနေတစ်ဆင့် ဝယ်ယူခဲ့တာဖြစ်ပြီး ကလေးမွေးပြီးမှသာ ပြန်ခိုင်းမှာဖြစ်တယ်လို့ အဲကားဆိုသူက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

ဇနီးမယားအဖြစ် နေထိုင်ဖို့ ငြင်းဆန်တဲ့ နေ့ရက်တွေမှာ အခန်းပိတ် နှိပ်စက်ခံခဲ့ရတာ၊ ကန်ကျောက် ရိုက်နှက်တာတွေကို ခံခဲ့ရပြီးနောက် အဲကား မရှိချိန် နေအိမ်ကနေ ထွက်ပြေးခဲ့ပြီး လျန်းစန်းရဲစခန်းကို သွားရောက်ခဲ့ချိန် တရုတ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ၂ လကျော်ကြာ ဖမ်းဆီးခံခဲ့ရကာ မြန်မာဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းခံခဲ့ရတဲ့ နစ်နာသူ အမျိုးသမီးက ကျိုင်းတုံမြို့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၅ နဲ့ အမှုဖွင့်ခဲ့ကာ လူကုန်ကူးခဲ့သူ မအိမူမူအောင် (ခ) သဲသဲကို ဖမ်းဆီးခဲ့ပြီး အခုနှစ် မတ် ၂၆ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ မိုင်းပေါက်မြို့နယ်က ဒေါ်အိကိုလည်း ဖမ်းဝရမ်း ထုတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news