တော်လှန်ရေးသမိုင်း နိုင်ငံရေးမှတ်တိုင်နဲ့ စည်းလုံးမှုအရွေ့ တစ်ခုအဖြစ် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း‌ရေး ဦးဆောင်ကောင်စီကို စတင်ဖွဲ့စည်း

Author CJ Platform
Categories
Published on Mar 31, 2026

နွေဦးတော်လှန်ရေးသမိုင်းရဲ့ အရေးပါတဲ့ နိုင်ငံရေး ခြေလှမ်းသစ်အဖြစ် “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ကို စတင်ဖွဲ့စည်းလိုက်ကြောင်းနဲ့ ထူးခြားတဲ့ စည်းလုံးညီညွတ်မှု အရွေ့တစ်ခုကို စတင်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ မတ် ၃၁ ရက်မှာ ပြည်သူလူထုကို မိန့်ခွန်းပြောကြားရင်း ထည့်သွင်းကြေညာခဲ့ပါတယ်။

 

“နွေဦးတော်လှန်ရေးဟာ အစုအဖွဲ့တစ်ခု၊ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးတည်းအတွက် သီးခြားတိုက်ပွဲဝင်တဲ့ တော်လှန်ရေးဖြစ်စဉ် မဟုတ်ဘူးဆိုတာ ပြည်သူအားလုံး သိရှိထားပြီး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးကို အခြေခံပြီး၊ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးနဲ့ လူတန်းစားပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ‘ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ’ ကို စုပေါင်းခေါင်းဆောင်မှု အခြေခံမူအပေါ်မှာ တည်ဆောက်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

 

ဦးဆောင်ကောင်စီကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးမူနဲ့ စုပေါင်းခေါင်းဆောင်မှု အခြေခံမူတွေအပေါ် တည်ဆောက်ထားပြီး နွေဦးတော်လှန်ရေးသမိုင်းရဲ့ ထူးခြားတဲ့ စည်းလုံးညီညွတ်မှု အရွေ့တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ပါဝင်လာပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။

 

ကောင်စီရဲ့ အဓိက ရည်မှန်းချက်တွေမှာတော့ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲဖို့နဲ့ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်ပုံဖော်ဖို့အပြင် မြန်မာစစ်တပ်ကို နိုင်ငံရေးထဲကနေ အပြီးသတ် ဖယ်ရှားပစ်ဖို့၊ ၂၀၀၈ အခြေခံဥပဒေကို ဖြိုဖျက်ဖို့နဲ့ စစ်မှန်တဲ့ လူထုကိုယ်စားပြုမှုကနေ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေနဲ့ အစားထိုး တည်ဆောက်ဖို့တို့ကို အလေးထား လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ဒါ့အပြင် အရပ်သားအုပ်ချုပ်မှုစနစ်ကို အပီပြင်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ထားရှိနိုင်ရေးနဲ့ စနစ်ကျတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်သွားဖို့ ရည်ရွယ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ အုတ်မြစ်ကို တည်နိုင်ဖို့ လက်တွေ့ကျတဲ့ မူဝါဒဆိုင်ရာ ဦးဆောင်ညှိနှိုင်းမှုတွေကို အဆင့်လိုက် လုပ်ဆောင်ဖို့ ဦးတည်ထားပြီး ပြည်နဲ့ ဒေသတွေမှာ အားကောင်းသန်မာရေးမှာ အစပြုကာ ပြည်ထောင်စုတစ်ခုလုံး အားကောင်းလာစေဖို့ အဆင့်လိုက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

နွေဦးတော်လှန်ရေးဟာ လူမျိုးပေါင်းစုံနဲ့ လူတန်းစားပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်ထားတာကြောင့် အခု ဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ တော်လှန်ရေးအရ ပြတ်သားပြီး နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ အစုအဖွဲ့တစ်ခုအဖြစ် ရပ်တည်ကာ မဟာမိတ်အင်အားစုတွေအကြား ခိုင်မာတဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီကို တက်လှမ်းသွားမှာဖြစ်ကြောင်းကိုလည်း ယာယီသမ္မတက အသိပေး ပြောကြားသွားခဲ့ပါတယ်။

 

ဓာတ်ပုံ – NUG

 

 

Related News

Depend on news