အပူချိန် ၄၀ဒီဂရီကြောင့် အပူရှပ် သတိလစ်သေဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာ
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်နေပြီး အပူရှိန်ကြောင့် Heat Stroke ဖြစ်ကာ အပူရှပ်ပြီး သေဆုံးတာတွေနဲ့ သတိလစ်မေ့မျောတာတွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ သိရပါတယ်။
မနေ့က မတ် ၂၆ ရက် မနက်ပိုင်းက အငှားယာဉ်မောင်းလုပ်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဝါရင့်တေးသံရှင် ဦးပက်ထရစ်တင်ထွန်းဟာ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ကားကို ဆီတန်းစီနေတဲ့ လူကြားထဲ ထိုးရပ်ပြီး အပူရှပ် ကွယ်လွန်သွားခဲ့တယ်လို့ မေတ္တာအလင်း လူမှုကူညီရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၂၃ ရက်ကလည်း မွန်ပြည်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှာ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိဖို့ နေအပူရှိန် မြင့်တက်နေချိန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဒဏ်ကြောင့် အပူရှပ် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆီတန်းစီရင်း အပူရှိန်ကြောင့် သတိလစ်မေ့မျောတာတွေလည်း ခပ်စိပ်စိပ် ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ နေ့အပူချိန်ဟာ ဒီကနေ့ မတ် ၂၇ ရက်မှာ ပျမ်းမျှ ၃၈ ကနေ ၄၀ ဒီဂရီအထိ ခံစားရနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေမှာ တွေ့ရပါတယ်။
ဒါ့အပြင် နေ့အပူချိန်တွေဟာ ကချင်ပြည်မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်စ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရခိုင်ပြည်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်စ် ပိုခဲ့တယ်လို့ မိုးဇလကလည်း ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့မှာဆိုရင် ဒီကနေ့ မတ် ၂၇ ရက်မှာ အပူချိန် ၄၁ ဒသမ ၂ အထိ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒီအပူချိန်ဟာ အခုနှစ် ဖေဖော်ဝါရီလတုန်းက မြောက်ကမ္ဘာခြမ်းက အပူဆုံး ၁၅ မြို့စာရင်းမှာ နံပါတ် ၇ နေရာ ဝင်ခဲ့တဲ့ အပူချိန် ၃၉ ဒီဂရီထက်တောင် များနေတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်နေပြီး စစ်အုပ်စုက ဆီချွေတာရေး စီမံချက်တွေ ချမှတ်ထားသလို၊ ပြည်သူတွေဟာလည်း ဆီတစ်လီတာရရှိဖို့အတွက် ပူပြင်းလှတဲ့ ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ တိုးကြိတ်တန်းစီနေကြရတာကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
