ဒေသခံကာကွယ်ရေးအဖွဲ့တွေကို PDF တပ်ရင်းတွေအဖြစ် ကူးပြောင်းဖို့နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ NUG ဖိတ်ခေါ်

Author CJ Platform
Categories
Published on Mar 26, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ကွပ်ကဲမှုအောက် မရောက်သေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ဖြစ်၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ဖြစ် အမြဲတမ်း ကြိုဆိုနေတယ်လို့ ဒီကနေ့ မတ် ၂၆ ရက်မှာ MOD က ထုတ်ပြန်ပါတယ်။

 

ဒီထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်းတိုင်း၊ တမူးဒေသမှာ လှုပ်ရှားနေတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကစပြီး NUG၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေအဖြစ် တရားဝင် ကူးပြောင်းရပ်တည်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

 

NLA ဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၃ ရက်မှာ Myanmar Federal Army (MFA) အမည်နဲ့ ပထမဆုံးတိုက်ပွဲကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ် ၅ ရက်မှာတော့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အခုအချိန်မှာတော့ PDF တပ်ရင်းတွေအဖြစ် တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ မတ္တရာအခြေစိုက် ‘မတ္တရာမျိုးမှန်တပ်ဖွဲ့’ ဟာလည်း MOD ရဲ့ ကွပ်ကဲမှုကို ခံယူခဲ့တယ်လို့ NUG က ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီအဖွဲ့ဟာ ရှမ်းမန်းစစ်ဆင်ရေးနဲ့ နောက်ပိုင်းခုခံစစ်တွေမှာ PDF တပ်ရင်းတွေ၊ ပကဖတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးက တော်လှန်ရေးအဖွဲ့အစည်းတွေကို စုစည်းပြီး တစ်ခုတည်းသော ကွပ်ကဲမှုယန္တရားအောက်မှာ တော်လှန်တိုက်ပွဲတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ပါရှိပါတယ်။

 

ဓာတ်ပုံ – NUG MOD

 

Related News

Depend on news