စစ်တွေမြို့အနီးမှာ ဒီကနေ့ မနက်ပိုင်း တိုက်ပွဲပြင်းထန်နေ

Author CJ Platform
Categories
Published on Mar 26, 2026

ရခိုင်ပြည်၊ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အုပ်စုတို့ကြား ဒီကနေ့ (မတ် ၂၆ ရက်) မနက်အစောပိုင်းမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးက စစ်တပ်စခန်းတွေကို AA တပ်တော်က ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ ဒီကနေ့ မနက်အစောပိုင်းမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ပြီးခဲ့တဲ့ တစ်ပတ်က ပစ်တာခတ်တာ မရှိဘူး။ ဒီမနက် ၂ နာရီကနေ တောက်လျှောက် အခုမနက်အထိ ပစ်နေတာ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေတာ RPG တွေနဲ့ ပစ်ခတ်နေတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေတော့ မဟုတ်ဘူး၊ မြို့နဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ မြို့ထဲ ရပ်ကွက်တွေထဲတော့ လက်နက်ကြီးကျည်ကျတာ မရှိသေးဘူး” လို့ စစ်တွေဒေသခံက CJ Platform ကို ပြောပါတယ်။

 

စစ်တွေမြို့ အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှုတွေကြောင့် စစ်အုပ်စု ထိပ်ပိုင်းအရာရှိအချို့ မြို့ပေါ်ကနေ နေရာရွှေ့ပြောင်းမှုတွေ ရှိနေကြောင်း ရခိုင်ဒေသတွင်း သတင်းဌာနတွေက အခု မတ်လဆန်းပိုင်းမှာ ဖော်ပြထားသလို စစ်တွေမြို့ ဒေသခံကလည်း CJ Platform ကို အတည်ပြု ပြောထားပါသေးတယ်။

 

ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးရှိရာ ကျောက်တော်မြို့မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေပြီး အခု မတ် ၂၂ ရက်နဲ့ ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့ အလယ်ပိုင်းရပ်ကွက်နဲ့ ကျောက်ပြောက်ရွာ ဘုန်းကြီးကျောင်းတို့ကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ Arakan Princess Media မှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေပေမယ့် ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ လေကြောင်းခရီးစဉ်တွေကို အခု မတ် ၂၅ ရက်ကစပြီး မဖြစ်မနေ ပြေးဆွဲဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖိအားပေးမှုတွေ ရှိနေပါတယ်။