ကရင်နီမှာ ဒီဇယ်ဆီ တစ်ပေပါကို ကျပ်သိန်း ၂၀ အထိ မြင့်တက်နေပြီး စစ်ရှောင်တွေ ရေပြတ်လပ်ကာ အခက်ကြုံနေ

Author CJ Platform
Categories
Published on Mar 23, 2026

ကရင်နီပြည်မှာ ဒီဇယ်ဆီ တစ်ပေပါကို ကျပ်သိန်း ၂၀ အထိ ပေါက်ဈေးရှိနေပြီး ဝယ်ယူဖို့ပါ ခက်ခဲနေတာကြောင့် ရေကားတွေကနေ ရေဝယ်ယူ သုံးစွဲနေကြရတဲ့ စစ်ရှောင်တွေအနေနဲ့ ရေပြတ်လပ်နေပြီး အခက်ကြုံနေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

“ဆီကလည်း အခုဈေးအရမ်းကြီးနေပြီ။ ကရင်နီမှာ တစ်ပေပါကို သိန်း ၂၀ ပေါက်တယ်။ ဒါပေမယ့် ဈေးပဲရှိတယ်။ ဆီမရှိဘူးခင်ဗျာ။ မနက်ဖြန် တစ်ရက်၊ နှစ်ရက် ကျွန်တော် ကားမောင်းပြီးသွားရင် ဆီလုံးဝ မောင်းစရာမရှိတော့ဘူး။ ကားကို ရပ်ထားရမယ့် အနေအထားပေါ့” လို့ ကရင်နီက စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဓာတ်ဆီဈေးနှုန်းမှာလည်း ဒီကနေ့ မတ် ၂၃ ရက် မနက်ပိုင်းမှာတင် ဓာတ်ဆီ ၁ လီတာကို ကျပ် ၉,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ အထိ မြင့်တက်သွားပြီး ဝယ်ယူရခက်ခဲနေတဲ့ အ‌ခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

 

အခုလို ဆီဈေးတွေ အဆမတန် မြင့်တက်လာတာကြောင့် ရေကားဈေးတွေလည်း မြင့်တက်လာပြီး ဂါလံ ၈၀၀ ခန့်ပါတဲ့ ရေကား ၁ စီးကို ကျပ် ၈၀,၀၀၀ ကနေ မနက်ဖြန်မှာ ကျပ် ၉၀,၀၀၀ အထိ မြင့်တက်တော့မှာဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရေရရှိဖို့ အခက်ကြုံနေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ဆိုပါတယ်။

“ဒီမှာက ရေနဲ့ပတ်သက်ပြီး အလှူရှင်ကိုပဲ အကူအညီတောင်းနေရတော့ ရေလည်း ရှားလာတယ်။ ဆီဈေးကလည်း တက်လာတော့ ဒီအနောက်ခြမ်းမှာ စစ်ရှောင်တွေဆိုရင် အရင်က တစ်ပတ်ကို ၄ ကြိမ်လောက် ရေချိုးကြတယ်။ အခုဆို တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ ချိုးဖြစ်ကြတယ်။ တစ်ပတ် ၂ ကြိမ်ဆိုတာတောင်မှ အခုဈေးတက်တဲ့ အနေအထားနဲ့ဆိုရင် နောက်တစ်ပတ်လောက်ဆိုရင် ၁ ပတ်မှာ ၁ ကြိမ်တောင်မှ ရေချိုးဖြစ်ချင်မှ ချိုးဖြစ်တော့မယ်။ ဘာကြောင့်လဲဆိုတော့ ဆီဈေးတက်တော့ ရေဈေးကလည်း လိုက်တက်တာလေ” လို့ အဆိုပါ ကရင်နီ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

 

ရေပေးဝေမှုတွေကလည်း အရပ်ဘက်အဖွဲ့အစည်းတွေကနေ ပေးဝေမှုဟာ ရပ်တန့်နီးပါး ဖြစ်နေတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဗညားကလည်း CJ Platform ကို ပြောပါတယ်။

“ရေပေးဝေမှုကတော့ ဒီနှစ်ကတော့ အရင်နှစ်တွေအတိုင်းပါပဲ၊ ရေလိုအပ်ချက်က ဆက်ရှိနေတုန်းပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ တော်တော်များများ ပါးသလောက် ဖြစ်သွားတယ်။ ပရဟိတအသင်းတွေကလည်း နည်းသွားတယ်။ ကျွန်တော်တို့ကတော့ ပိုပြီးတော့ တာဝန်ယူရတဲ့အပိုင်းတွေတော့ ပိုရှိလာပါတယ်” လို့ သူက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် အရေပြားရောဂါတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပြီး တချို့ ရေအရမ်းရှားလွန်းတဲ့ ဒေသတွေမှာဆိုရင် အရေပြားရောဂါတွေ အဖြစ်များလာတာကြောင့် ကျောင်းပိတ်လိုက်ရတဲ့အထိပါ ဆိုးရွားနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

 

 

 

Related News

Depend on news