ဘုရားဖူးနဲ့ အပန်းဖြေခရီးစဉ်တွေလည်း ဈေးတက်ပြီ ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေလည်း စျေးပိုပေးရမယ်
ဘုရားဖူးနဲ့ အပန်းဖြေခရီးစဉ် ဝန်ဆောင်မှုပေးနေတဲ့ ခရီးသွားလုပ်ငန်းအများစုကလည်း စက်သုံးဆီဈေးနှုန်း အပြောင်းအလဲကြောင့် ကားလက်မှတ်ဈေးနှုန်းတွေ မြှင့်တင်တောင်းခံတော့မယ်လို့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
အပတ်စဉ် ခရီးသွားဝန်ဆောင်မှုတွေဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ လမ်းဘုရားဖူး ခရီးစဉ်တွေမှာ လက်မှတ်ခ ကျပ် ၈၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်သွားပြီး ချောင်းသာ၊ ငွေဆောင်ကဲ့သို့ အပန်းဖြေခရီးစဉ်တွေအတွက် အသွားအပြန် ကားလက်မှတ်ခတွေဟာ ကျပ် ၁၀၀,၀၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
“ကြိုတင်မှာထားတဲ့ လက်မှတ်တွေပါ ဈေးတက်ကုန်တာ၊ တက်ဈေး မပေးနိုင်ရင် ငွေပြန်အမ်းပေးမယ်ဆိုတာပါ ဖြစ်ကုန်တယ်၊ ပိုဆိုးတာက အရင်တုန်းက သင်္ကြန်ပိတ်ရက် ရက်ရှည်ဘုရားဖူး ပက်ကေ့တွေ အခု မရောင်းသေးဘူး၊ ရောင်းတဲ့အဖွဲ့လည်း ရှိပါတယ်၊ ဈေးနှုန်း အပြောင်းအလဲရှိမယ်၊ ဆီမရရင်လည်း ခရီးစဉ်ဖျက်မယ်ဆိုတော့ ဘယ်သူမှ မဝယ်ရဲဘူး” လို့ ကျိုက်ထီးရိုး ဘုရားဖူးသွားရောက်ဖို့အတွက် ခရီးသွားလုပ်ငန်းတွေကို ဆက်သွယ်မေးမြန်းခဲ့သူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်လာနေပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာနေတာကြောင့် ခရီးသွားလုပ်ငန်းအများစုဟာ ခရီးသွားရာသီချိန် ဖြစ်ပေမယ့် လုပ်ငန်းအများစု လည်ပတ်လုပ်ဆောင်နိုင်ခြင်း မရှိသလို တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ပြီးဆုံးချိန်မှာလည်း အပန်းဖြေခရီးစဉ်တွေအတွက် ပြင်ဆင်ပေးထားနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
ပုံစာ – ငွေဆောင်ကမ်းခြေတွင် အပန်းဖြေနေသူများကို မြင်ရပုံ (ပုံဟောင်း)
