လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပဋိပက္ခကို ဝင်မပါဘဲ ဘက်မလိုက်ရေးမူဝါဒကို ကျင့်သုံးတယ်လို့ ‘ဝ’ ပြောရေးဆိုခွင့်ရှိသူပြော
ရှမ်းပြည် မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းတပ်မတော် (TNLA) တို့ကြား ပစ်ခတ်မှုတွေ ဖြစ်ပွားချိန် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ ဘယ်ဘက်ကမှ ဝင်ပါမှာမဟုတ်ဘူးလို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက မှတ်ချက်ပြု ပြောထားပါတယ်။
UWSA အနေနဲ့ ဘက်မလိုက်ရေးမူဝါဒကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘယ်အဖွဲ့ဘက်မှ ပါစရာမရှိဘူးလို့ ဦးညီရန်းက သူ့ရဲ့ လူမှုကွန်ရက် (Facebook) မှာ မှတ်ချက်ပြုပြောထားပြီး စစ်အုပ်စုထောက်ခံသူတွေရဲ့ ဝါဒဖြန့် စွပ်စွဲရေးသားမှုကို ပြန်လည်တုံ့ပြန်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိ တင်းမာမှုဖြစ်ပွားနေတဲ့ MNDAA နဲ့ TNLA တို့ကြား စစ်ရေးပဋိပက္ခမှာ ကိုးကန့်တပ်ဖွဲ့ ယူနီဖောင်းဝတ်ပြီး “ဝ” တပ်ဖွဲ့က ဝင်ပါနေတယ်လို့ စစ်အုပ်စုဝါဒဖြန့် Freedom News Group က ဖော်ပြထားပြီး “ဝ” တပ်ဖွဲ့ ဗဟိုက စေလွှတ်တဲ့ တပ်ဖွဲ့ဝင်အချို့ဟာ ကွမ်းလုံကနေတစ်ဆင့် ချင်းရွှေဟော်နဲ့ လောက်ကိုင်ဘက်ကို ဝင်ရောက်လာတာဖြစ်တယ်လို့ စွပ်စွဲရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
FNG ရေးသားဖော်ပြမှုနဲ့ပတ်သက်ပြီး “ဒီလိုပဲ အခြေအမြစ်မရှိ လျှောက်ရေးလိုရာဆွဲ လုပ်နေတာ” လို့ UWSA ပြောခွင့်ရ ဦးညီရန်းကလည်း CJ Platform ကို ပြောပါတယ်။
အခု မတ် ၁၄ ရက်က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးချိန် နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ မတ် ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
TNLA နဲ့ MNDAA တပ်ဖွဲ့တွေဟာ UWSA နဲ့ ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – The Kokang
