ပြည်တွင်းစက်သုံးဆီဈေး ထိုးတက်လာပြီး ပြင်ပပေါက်ဈေး တစ်လီတာ ကျပ်တစ်သောင်းဝန်းကျင်ရှိနေ
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေ၊ ဝယ်ယူရေး ခက်ခဲတာတွေဖြစ်ပေါ်နေပြီး ပြင်ပပေါက်ဈေး တစ်လီတာ ကျပ်တစ်သောင်းဝန်းကျင် ရှိနေတယ်လို့ စက်သုံးဆီ ဝယ်ယူသုံးစွဲနေသူတွေဆီက သိရပါတယ်။
အပတ်စဉ် ထုတ်ပြန်နေတဲ့ စစ်အုပ်စုရဲ့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ 92 တစ်လီတာကို ၂,၈၃၀ ကျပ် ရှိခဲ့ရာက ဒီကနေ့မှာ ၃,၆၁၀ ကျပ်အထိ မြင့်တက်ကာ၊ 95 တစ်လီတာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ၂,၉၃၀ ကျပ် ရှိခဲ့ရာက ဒီကနေ့မှာတော့ တစ်လီတာကို ၃,၈၅၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
“အခုထိတော့ စုံ၊ မ ခွဲပြီး ထုတ်ပေးနေတုန်းပဲ၊ ဆိုင်တွေမှာ ဈေးတက်လာတယ်။ ဈေးတက်လည်း ဆီဆိုင်တွေမှာ ဆီမပြတ်ဖို့ ဆုတောင်းနေရတယ်” လို့ မန္တလေးတိုင်း၊ ညောင်ဦးမြို့က ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လျက်ရှိပြီး ကျန်မြို့တွေမှာလည်း စက်သုံးဆီ ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေတဲ့အပြင် ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းဝန်းကျင်အထိ မြင့်တက်နေတယ်လို့လည်း သိရပါတယ်။
“ဆိုင်တိုင်းတော့ မရောင်းကြတော့ဘူး၊ တချို့ဆိုင်က ဈေးထပ်တက်ဖို့ စောင့်နေပြီး မရောင်းကြဘူး၊ ဈေးကတော့ ဆက်တက်တယ်ဗျ” လို့ ခင်ဦးမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာမြို့နယ်က ဒေသတချို့မှာ စက်သုံးဆီ ပြင်ပပေါက်ဈေးဟာ အရင်က တစ်လီတာကို ကျပ် ၅,၀၀၀ ဝန်းကျင်ကနေ လတ်တလောမှာ ကျပ် ၇,၀၀၀ ကနေ ကျပ်တစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“ဒုက္ခပိုရောက်တာတော့ နေ့စားလုပ်သားတွေပါ။ မနက်အစော အလုပ်သွား၊ ညနေပြန်ဆိုတော့ တန်းစီဖို့ အခက်အခဲ ရှိသလို၊ အပြင်ကဆိုင်တွေမှာ ဈေးကြီးပေးဝယ်နေရတော့ ထိတာပေါ့” လို့ စစ်ကိုင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီ ဝယ်ယူသုံးစွဲနေသူတွေအဖို့ စက်သုံးဆီ သတ်မှတ်ဈေး မြင့်တက်တာတွေနဲ့အတူ ဆီဆိုင်တွေမှာ တန်းစီ စောင့်ဆိုင်းဝယ်ယူရတာ၊ တချို့ဆိုင်တွေမှာ ဆီပြတ်လပ်တာနဲ့ အကန့်အသတ်နဲ့ ဝယ်ယူရတာတွေစတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဓတ်ပုံ – CJ
