ကျွန်းလှက ရွှေဖောင်တွေကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်လို့ လူ ၆ ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးတာတွေ ရှိနေ

Author CJ Platform
Categories
Published on Mar 16, 2026

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေတဲ့ မျောဖောင်တွေကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး မျောဖောင်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့က မတ် ၁၅ ရက်၊ ညနေ ၃ နာရီခန့်မှာ စစ်အုပ်စုဟာ သဖန်းဆိပ်ဆည်ထဲက ​ရွှေ​မျောလုပ်ငန်း လုပ်ကိုင်​နေတဲ့ ​ရေ​ဖောင်​တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“သေဆုံးတာကတော့ ၆ ယောက်ရှိတယ်လို့ လောလောဆယ် သိရသေးတယ်၊ နောက်ထပ်တော့ မသိရသေးဘူး တချို့ ပျောက်ဆုံးတာတွေ ရှိနေသေးတော့” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Infinity Group အဖွဲ့ရဲ့ ဖော်ပြချက်အရ စစ်အုပ်စုဟာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲက ​ရွှေ​မျောလုပ်ငန်း လုပ်ကိုင်​နေတဲ့ ​ရေ​ဖောင်​တွေကို ပစ်မှတ်ထားပြီး ဟုမ္မလင်းက တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ်သွားလို့ လူထိခိုက်​သေဆုံးတာ​တွေ ရှိတယ်လို့လည်း သိရပါတယ်။

 

“ဖောင်တွေ တော်တော်များများ ပျက်စီးတယ်၊ ၁၉ စီးလို့တော့ သိရတယ်။ အဲဒီမှာ လူတွေလည်း ထိတယ်၊ ကျတဲ့လူတွေရော ပျောက်တဲ့လူတွေရော ရှိနေတယ်” လို့လည်း တခြား ကျွန်းလှဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွှေဖောင်လုပ်ကွက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း သုံးရက်ဆက်တိုက် (ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်) လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – Infinity Group