တီမောသံရုံးယာယီတာဝန်ခံကို နှင်ထုတ်တာဟာ စစ်အုပ်စုက စစ်ရာဇဝတ်မှု ကျူးလွန်တာကို ဝန်ခံလိုက်တာလို့ CHRO ပြော
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တီမောလက်စ်တေနိုင်ငံက ဝင်ရောက်စွက်ဖက်တယ်လို့ဆိုကာ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို နှင်ထုတ်ခဲ့မှုနဲ့ပတ်သက်ပြီး စစ်အုပ်စုက သူတို့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ဝန်ခံလိုက်တာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟဲရ်လျန်က ပြောပါတယ်။
ချင်းပြည်အတွင်း စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေအပေါ် CHRO အဖွဲ့က အာဆီယံအဖွဲ့ဝင်သစ် တီမောလက်စ်တေတရားရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး တီမောတရားရုံးက လက်ခံခဲ့တာကြောင့် စစ်အုပ်စုဘက်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။
“လွတ်လပ်တဲ့ တီမောတရားရုံးမှာ တရားစွဲဆိုချက်အပေါ် စစ်ကောင်စီက ဒီလိုတုံ့ပြန်တာကတော့ သူတို့က ဒီလိုစစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ တစ်ဖက်တစ်လမ်းကနေ ဝန်ခံသလိုဖြစ်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မလုပ်ချင်တဲ့အတွက်ကြောင့် ဒီလို တီမောလက်စ်တေသံရုံးနဲ့ ယာယီတာဝန်ခံတွေကို မြန်မာနိုင်ငံကနေ မောင်းထုတ်တာ ဖြစ်တယ်” လို့ ဆလိုင်းမန်ဟဲရ်လျန်က CJ Platform ကို ပြောပါတယ်။
CHRO အဖွဲ့က စစ်အုပ်စုကို တရားစွဲဆိုဖို့ အမှုဖွင့်တိုင်ကြားတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံသစ် တီမောက လက်ခံခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား အရင်က ဒီလိုလုပ်ဆောင်မှုမျိုး မရှိခဲ့ဘူးလို့လည်း စစ်အုပ်စုက ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
CHRO အဖွဲ့က စစ်အုပ်စုကို တရားစွဲဆိုဖို့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး တီမောလက်စ်တေတရားရုံးက လက်ခံခဲ့တဲ့အပေါ် စစ်အုပ်စုဘက်က ဆက်တိုက်ကန့်ကွက်ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးတာဝန်ခံကိုလည်း နိုင်ငံကနေ ဖေဖော်ဝါရီ ၂၀ ရက် မတိုင်ခင် ထွက်သွားဖို့ ထုတ်ပြန်ပြောဆိုမှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။
တီမောလက်စ်တေတရားရုံးကလည်း စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို လေ့လာကြည့်ရှုဖို့ ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆီကနေ တီမောတရားရုံးအနေနဲ့ အချက်အလက်တွေ ရယူနိုင်သလို IIMM ကလည်း အကူအညီပေးလိမ့်မယ်လို့ ဆလိုင်းမန်ဟဲရ်လျန်က ပြောပါတယ်။
စစ်အုပ်စုက အာဆီယံနိုင်ငံတွေကို အသုံးချပြီး သူတို့ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခံရဖို့နဲ့ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေချိန် အခုလို တီမောလက်စ်တေနိုင်ငံက CHRO အဖွဲ့ရဲ့ တိုင်ကြားမှုကို လက်ခံလိုက်တာဟာ စစ်အုပ်စုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အာဆီယံနိုင်ငံမှာ အဖွဲ့ဝင်ဖြစ်တဲ့ တီမောလက်စ်တေက သူတို့ကို တရားစွဲချက်လုပ်ဆောင်တာက သူတို့အတွက် အများကြီး နိုင်ငံရေးပုံရိပ်ရော၊ စီးပွားရေးပုံရိပ်ရော၊ နောက် သူတို့ရဲ့ တရားဝင်ဖြစ်မှုပုံရိပ်ရော အများကြီး ထိခိုက်စေတယ် ပြောလို့ရတယ်။ ပြီးရင်တော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူလို့ ကောက်ချက်ချလိုက်ပြီဆိုရင်တော့ သူတို့ရဲ့ တရားဝင်မှုနဲ့ သူတို့ရဲ့ပုံရိပ်က ဘယ်နိုင်ငံမှာမှ တရားဝင်ဖြစ်မှု မရှိတော့ဘူး” လို့ ဆလိုင်းမန်ဟဲရ်လျန်က ဆိုပါတယ်။
စစ်အုပ်စုကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တီမောလက်စ်တေသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာက အသိအမှတ်ပြု လက်ခံထားသလို စစ်ရာဇဝတ်မှုနဲ့ စစ်အုပ်စုကို အမှုဖွင့်ထားတဲ့ CHRO အဖွဲ့ကိုလည်း တီမောသမ္မတက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ တွေ့ဆုံခဲ့ပါသေးတယ်။
ဓာတ်ပုံ – CHRO
