ပန်းတောင်းမှာ ရခိုင်စစ်ဘေးရှောင် ၁၁ ဦး ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Oct 12, 2026

ပဲခူးတိုင်း၊ ပန်းတောင်းမြို့အဝင် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီခန့်က ရခိုင်စစ်ဘေးရှောင် ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

တောင်ကုတ်-ပန်းတောင်းလမ်းကနေ ဝင်လာတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၂ ဦးကို စစ်အုပ်စုနဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မှတ်ပုံတင်တွေ စစ်ဆေးပြီး ၁၁/ ဆိုတာနဲ့ ရဲတွေက စစ်တပ်ကိုခေါ်ပြီး ဖမ်းခိုင်းလိုက်တာ။ စစ်တပ်က ကားနဲ့ပဲ ခေါ်သွားတာ၊ ဘယ်ကိုခေါ်သွားလဲ မသိဘူး” လို့ သူက ပြောပါတယ်။

 

ရခိုင်ပြည်ကနေ ပြည်မဘက်ကို စစ်ဘေးရှောင်လာတဲ့ ရခိုင်လူမျိုးတွေဟာ ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မကြာခဏ ဖမ်းဆီးခံနေရပြီး အခုလအတွင်းမှာတင် ၃ ကြိမ်ရှိပြီလို့ သတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်သိသလောက် ဒီလထဲမှာတင် ၃ ကြိမ်ရှိပြီ။ အောက်တိုဘာ ၂ ရက်နေ့က ၃ ဦး၊ ၇ ရက်နေ့က ၆ ဦး၊ မနေ့က ဖမ်းခံရတာက ၁၁ ဦး” လို့ သူက ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေကို ပန်းတောင်းတပ်နယ်မှာ AA နဲ့ ဆက်နွယ်မှုရှိ၊ မရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးတာ မရှိဘူးလို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

 

၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာအတွင်း ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် ၁၀၀ ကျော်ရှိပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news